ကိုယ်နဲ့ စိတ်တူကိုယ်တူရှိပြီး အေးအတူ ပူအမျှ အတူတူဖြတ်သန်းသွားမယ့် ဘဝလက်တွဲဖော်တစ်ယောက် ပိုင်ဆိုင်ထားခြင်းသည် ဘဝမှာ ကံကောင်းတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ တူနှစ်ကိုယ် အခက်အခဲ ပေါင်းစုံကို ကျော်လွှားပြီး အဆင်ပြေ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ နောက်ကွယ်မှာလည်း ကွီးတို့ မသိနိုင်တဲ့ ဇာတ်လမ်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိမ်ထောင်ပြု ခြင်းသည် ကွီးတို့ ထင်သလောက် မလွယ် ကူ လို့ပဲဖြစ်ပါတယ်။

ကွီးတို့ ကိုယ်တိုင်ကပဲဖြစ်ဖြစ်၊ ကိုယ့် မိတ်ဆွေ အပေါင်းအသင်းထဲမှာ အိမ်ထောင်ရေး အဆင်မပြေတဲ့သူတွေ ရှိတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်လိုအကြံဥာဏ်ကောင်းတွေ ပေးနိုင်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။

အိမ်ထောင်ပြု တယ်ဆိုတာ ဘာ့ကြောင့် ထင်သလောက် မလွယ် ရသလဲဆိုတဲ့ အကြောင်းအရင်း (၃) ချက်ရှိပါတယ်။

(၁) အချိန်တွေက ပြောင်းလဲနေလို့

အချိန်တွေက ပြောင်းလဲနေလို့

ယခင်တုန်းကတော့ အသက် (၂၀) ကျော်တာနဲ့ အိမ်ထောင်ပြုနေကြပါပြီ။ ဒါပေမဲ့ ဒီဘက်ခေတ်ရောက်လာပြန်တော့ အသက် (၂၀) ကျော်တာတောင်မှ တော်တော်နဲ့ အိမ်ထောင်မပြုကြသေးပါဘူး။ ဘာ့ကြောင့်လို့ ထင်ပါသလဲ။ အဓိက အကြောင်းပြချက်ကတော့ စားဝတ်နေရေးကြောင့်လည်း ဖြစ်နိုင်သလို ပညာရေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဘက်ခေတ်မှာက အသက် (၂၀)​ ကျော်အရွယ်သည် ကျောင်းတက်လို့ကောင်းတုန်း၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးလို့ကောင်းတုန်းပါ။ ၂၀ ကျော်နဲ့ အိမ်ထောင်ပြုတာက ၁၀၀ မှာ ၁ ယောက်လောက်ပဲ ရှိပါတယ်။ ခေတ်အလီလီ ပြောင်းလဲလာတဲ့အတွက်ကြောင့် အိမ်ထောင်ပြုကြတဲ့ စံနှုန်းတွေကလည်း မတူညီကြတော့ပါဘူး။ မိရိုးဖလာ ချမ်းသာတဲ့သူတွေ မဟုတ်ဘူးဆိုရင် အိမ်ထောင်ပြုဖို့အတွက် ကုန်ကျစရိတ်၊ အိမ်ထောင်ပြုပြီးတဲ့အခါ နေထိုင်မယ့် နေစရိတ်၊ စားစရိတ်များအတွက်လည်း ပူပန်ရပြန်ပါတယ်။ ချစ်လွန်းလို့ မျက်စိစုံမှိတ်ပြီး အိမ်ထောင်ပြုလိုက်ရင်တောင်မှ ငွေရေးကြေးရေး အခက်အခဲကြောင့် ပျော်ရွှင်ရတဲ့ အိမ်ထောင်ကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

(၂) လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်

လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်

အချို့အိမ်ထောင်ရေး အဖုအထစ်တွေသည်လည်း လိင်ကိစ္စကြောင့် ဖြစ်တည်လာတတ်ကြပါတယ်။ မိန်းမဖြစ်သူက လင်ယောကျာ်းရဲ့ လိုအပ်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့၊ လင်ယောကျာ်းက မိန်းမဖြစ်သူရဲ့ လိုအင်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ စတဲ့ အကြောင်းပြချက်များကြောင့် အိမ်ထောင်ရေးမှာလည်း အဖုအထစ်တွေ ဖြစ်လာတတ်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ ယဥ်ကျေးမှု ဖိနှိပ်ချက်များကြောင့် လိင်ကိစ္စနဲ့ ပတ်သက်လာရင် တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း မတိုင်ပင်ရခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုမျိုး အဖုအထစ်တွေ ဖြစ်လာပြီဆိုတာနဲ့ ထိုအိမ်ထောင်ရေးသည် ပြန်လည်တည်ဆောက်ဖို့ မလွယ်ကူတော့ပါဘူး။

(၃) လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်တွေကြောင့်

အိမ်ထောင်ပြု မလွယ်

လက်ထပ်တယ်ဆိုတာသည် မတူညီတဲ့ လူသားနှစ်ယောက် တစ်သားတည်းဖြစ်သွားအောင် ပေါင်းစပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ငါတော့ အိမ်ထောင်ပြုလိုက်ရင် ဘယ်လိုမျိုး နေရတော့မှာ၊ ငါ့ရဲ့ လက်တွဲဖော်က ငါ့အပေါ် ဘယ်လိုမျိုး ပြုစုယယမှာ၊ ကြင်နာပေးမှာ၊ ဘာတွေဖြည့်ဆည်းပေးမှာ စသည်ဖြင့် မျှော်လင့်ချက် ပေါင်းစုံနဲ့ ပြည့်နှက်နေတတ်ကြပါတယ်။ တကယ့်တကဘ် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာတော့ တစ်ယောက်အပေါ် တစ်ယောက် မကောင်းမြင်သွားကြပြီး ဝေဖန်အပြစ်တင်ရင်းနဲ့သာ ဘဝကို ဖြတ်သန်းသွားကြပါတော့တယ်။

ဒါဆိုရင် ကွီးတို့အနေနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုဖြစ်အောင် ဘာတွေလုပ်ဆောင်လို့ရမလဲ။

ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို သေချာစီမံပါ

အိမ်ထောင်ပြု မလွယ်

ကိုယ့်ရဲ့ လက်တွဲဖော်ဆီက ဘာတွေ အရယူမလဲဆိုတဲ့ မျှော်လင့်ချက်ထက် ကိုယ်က သူ့အတွက် ဘာတွေ ဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို နှလုံးသွင်းထားလိုက်ပါ။ တကယ်တမ်း အချစ်စစ် အချစ်မှန်နဲ့ ချစ်ပြီဆိုရင် ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းထက် တစ်ဖက်သားရဲ့ ပျော်ရွှင်ခြင်းကိုသာ အလေးထားကြတာဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်မသွားပါစေနဲ့

အိမ်ထောင်ပြု မလွယ်

အိမ်ထောင်တစ်ခုမှာ အဆက်အသွယ်ကောင်းတစ်ခုရှိခြင်းသည် အဓိကအကျဆုံးပါပဲ။ ပြောဆိုဆက်ဆံခြင်းမရှိဘဲ ကိုယ့်စိတ်ထဲက ဖြစ်စေချင်တဲ့ ဆန္ဒကို ခန့်မှန်းပေးရအောင် တစ်ဖက်သားက ဘုရားလည်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲက ဖြစ်နေတာတွေကို ပွင့်ပွင်းလင်းလင်း ပြောပြကာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ အိမ်ထောင်ပြု ခြင်းသည် မလွယ် ကူတဲ့အရာပါလားဆိုပြီး တွေးပူနေစရာမလိုတော့ပါဘူး။

လိုအပ်ပါက အကူအညီရယူပါ

အိမ်ထောင်ပြု မလွယ်

တစ်စုံတစ်ခု အကူအညီလိုအပ်လာရင် သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။ အကြံဥာဏ် ရယူပါ။ တစ်ခါတစ်လေမှာ ကိုယ် မစဥ်းစားတဲ့ ရှုထောင့်ကနေ ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေက စဥ်းစားတတ်ပြီး ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခုကို ထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ အိမ်ထောင်ရေးကို သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်အောင် ဘယ်လိမျိုး ကြိုးစားပါသလဲ။

Source: Claritychi

Featured Image: Freepik