ကိုယ့်ရဲ့ အိမ်ထောင်ဖက် က ကိုယ့်ကို အလွန်အမင်း ချုပ်ကိုင် နေကြောင်း သိသာထင်ရှားတဲ့ လက္ခဏာများ အများအပြားရှိပါတယ်။ ကွီးတို့အနေနဲ့ ထိုလက္ခဏာများကြောင့် စိတ်ကျဥ်းကြပ်သလို ခံစားနေရပြီး အိမ်ထောင်ရေးက အဆင်မပြေ ဖြစ်နေတယ်လို့ ခံစားနေရပါသလား။ ထိုကဲ့သို့သော အခြေအနေမျိုးမှာ ဘယ်လို တုန့်ပြန်သင့်သလဲ၊ ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်သလဲဆိုတာကို ကွီးတို့ သိရှိဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။
သင့်ရဲ့ Privacy ကို လေးစားမှု မရှိခြင်း

သင့်ရဲ့ ဖုန်းများ၊ အီးမေးလ်များ၊ မက်ဆေ့ အဝင်အထွက် အစရှိသည်တို့ကို တစ်စောင်မကျန် အလွတ်မပေးဘဲ စစ်ဆေးနေပါသလား။ ဘယ်လောက်ပဲ လက်ထပ်ထားပါစေ၊ ဘယ်လိုပဲ အရမ်းချစ်တဲ့ အိမ်ထောင်ဖက် တွေ ဖြစ်နေပါစေ၊ တစ်ယောက်ကိုတစ်ယောက် ချုပ်ကိုင် လွန်းခြင်း၊ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာကို မလေးမစားပြုလုပ်ခြင်းသည် မကောင်းတဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။
သင့် အိမ်ထောင်ဖက် အနေနဲ့ သင့်ကို ထိုနည်းလမ်းဖြင့် ချုပ်ကိုင် နေပြီဆိုရင်တော့ သင့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ပဲ လိုအပ်ပါတယ်။ အချို့သော ကုမ္ပဏီအချက်အလက်များ၊ ရုံးအချက်အလက်များသည် လျှို့ဝှက်ထားရမယ့်အရာတွေ ရှိကြောင်း၊ သင့် အိမ်ထောင်ဖက်အနေနဲ့ ထိုကဲ့သို့ ပြုမူနေခြင်းသည် သင့်ကိုလည်း မယုံကြည်သလို ဖြစ်နေပြီး သင့်ရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း စော်ကားနေကြောင်းကို ပွင့်ပွင့်လင်းလင်း ရှင်းပြသင့်ပါတယ်။ သင့် အနေနဲ့လည်း သင့်ရဲ့ အိမ်ထောင်ဖက် ယုံကြည်လောက်သည်အထိ နေပြသင့်တာကိုလည်း သတိချပ်သင့်ပါတယ်။
သင့်ကိုသာ အပြစ်ပုံချနေခြင်း
အပြစ်ပုံချခြင်း နည်းလမ်းသည် တစ်ဖက်သားအပေါ် ချုပ်ကိုင်ချင်သူတွေရဲ့ လက်သုံး နည်းလမ်းပဲဖြစ်ပါတယ်။ သူတို့သည် သူတို့ကိုယ် သူတို့တော့ ပန်းနုသွေးလေးလို နစ်နာနေသူတစ်ယောက်လို ပြုမူဟန်ဆောင်နေမှာဖြစ်ပြီး သင့်ကိုတော့ သူတို့ ထိုကဲ့သို့ နစ်နာနေရခြင်းမှာ သင့်ကြောင့်ချည်းသာဖြစ်ကြောင်း အပြစ် ပုံချနေမှာဖြစ်ပါတယ်။ ထိုကဲ့သို့သော သူမျိုးသည် သူတို့အမှား၊ သူတို့အားနည်းချက်ကိုတော့ မမြင်ဘဲ သူတို့ကတော့ ရာခိုင်ပြည့် မှန်ကန်သူများဖြစ်ပြီး တစ်ဖက်သားရဲ့ အပြစ်တွေကိုသာ လိုက်မြင်နေမှာဖြစ်ပါတယ်။ တကယ်လို့ သင့်ဘက်က အမှား မလုပ်ထားရင်တောင်မှ သင့်ကို ပတ်ရမ်းနေမှာဖြစ်ပါတယ်။ အပြင်လူတွေနဲ့ အဆင်မပြေလာရင် (သို့) အလုပ်မှာ အဆင်ပြေမလာရင်လည်း သင့်ကြောင့်ချည်းသာဖြစ်ပါတယ်။
ထိုကဲ့သို့သော လူမျိုးများကတော့ ကုရာနတ္ထိ ဆေးမရှိဖြစ်ပါတယ်။ အခြားသူများက သူ့ထက် အဆင်ပြေနေရင်၊ တင့်တောင်းတင့်တယ် နေရရင် မနာလိုတွေဖြစ်ပြီး၊ သင့်ကိုကျတော့ သူ့ကို သူများတွေလို တင့်တောင်းတင့်တယ် မထားပေးရကောင်းလားဆိုပြီး အပြစ်ဖို့လို့ ဆုံးမှာမဟုတ်တော့ပါဘူး။ သူတို့ရဲ့ မနာလိုစိတ် ကြီးလွန်းခြင်း၊ အတ္တကြီးကာ မာန်မာန ထောင်လွှားခြင်းတို့ကို ကာယကံရှင်ကိုယ်တိုင် လျော့ချမှသာ ရမှာပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ထိုကဲ့သို့သော အနေအထားမျိုး ကြုံတွေ့ရပါက သူ(မ)နဲ့အတူ ဖက်ပြိုင်ကာ ဒေါသထွက်နေမယ့်အစား ခေါင်းအေးအေးသာ ထားပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြပါ။ ဘယ်လောက် ရှင်းပြပြ နားမဝင်ဘဲ သူ့အကျင့်တွေကို မပြင်ဘူးဆိုရင်တော့ သင့်မှာ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိပါတယ်။ သူ(မ)ကို ချစ်ပြီး မပြတ်နိုင်ဘူးဆိုရင်တော့ ဒီပုံစံအတိုင်းပဲ ခရီးဆက်ရမှာဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ကိုယ့်လမ်း ကိုယ်လျှောက်တာ အကောင်းဆုံးပါပဲ။
သင့်ရဲ့ ဆွေမျိုးများ၊ သူငယ်ချင်း မိတ်ဆွေများနှင့်အတူတူ အချိန်ကုန်ဆုံးခြင်းကိုလည်း မကြိုက်ခြင်း

သင့်ရဲ့ အိမ်ထောင်ဖက်သည် သင့်ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းအတွက် အရေးပါတာတော့ မှန်ပါတယ်။ သို့သော် သင့်ကို မွေးပေးတဲ့ အမေ၊ ကျွေးမွေးပြုစုစောင့်ရှောက်ပေးတဲ့ မိဘနှစ်ပါး၊ မောင်နှမများအတွက် အချိန်ပေးခြင်းကိုလည်း သူ(မ)အနေနဲ့ မနှစ်မြို့ကာ မနာလိုရှုစိမ့်ဖြစ်ပြီး သင့်ကို ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ် ဝင်လာသည်အထိ ပြောဆိုနေခြင်းသည်လည်း သင့်ကို ထိန်းချုပ်နေခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ သင့် သူငယ်ချင်းများနှင့် စိတ်ပြေလက်ပျောက် အချိန်ကုန်ဆုံးတာကိုလည်း မနှစ်မြို့ဘဲ သူ(မ)ကိုသာ ဦးစားပေးရမယ်၊ သူ(မ)သာ နံပါတ်တစ် ဦးစားပေး ဖြစ်ရမယ် ဆိုပြီး ထင်မှန်နေခြင်းသည် အတ္တကြီးခြင်းတစ်မျိုးပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ အိမ်ထောင်ဖက်အတွက် အချိန်ပေးခြင်းသည်လည်း ပြုလုပ်သင့်ရဲ့အရာတစ်ခုပါ။ သို့သော် ကိုယ်ပိုင်အချိန်ပါမချန် ၂၄ နာရီလုံးလုံး အချိန်ပေးဖို့ကတော့ မဖြစ်နိုင်ဘူးမဟုတ်လား။
ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ ဖြေရှင်းပေးဖို့ တစ်နည်းပဲရှိပါတယ်။ သူ(မ)ကိုလည်း သူ(မ)ရဲ့ လူမှုပတ်ဝန်းကျင်နှင့် အဆက်အသွယ် မပြတ်အောင် နေထိုင်ပြီး သူ(မ) သူငယ်ချင်းများနှင့်လည်း အတူတူ အချိန် ကုန်ဆုံးသင့်ကြောင်း၊ သူ(မ) ဝါသနာပါတဲ့ အရာများအတွက် အချိန်ပေးခြင်းကိုလည်း ပြုလုပ်သင့်ကြောင်း နားချသင့်ပါတယ်။
မပြီးဆုံးနိုင်တဲ့ ဝေဖန်မှုများကို အဆက်မပြတ် ပြုလုပ်နေခြင်း

သင့်ရဲ့ အပြုအမူ အသေးအဖွဲလေးကအစ မနက်မိုးလင်းကနေ မိုးချုပ်အထိ ဝေဖန်လို့ မဆုံးနိုင်ဖြစ်နေခြင်းသည်လည်း သင့်ရဲ့ အိမ်ထောင်ဖက်က သင့်ကို ထိန်းချုပ်နေခြင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရှိသမျှ အမျိုးသမီးတိုင်းနဲ့ လိုက်လံ သဝန်တိုနေကာ စွပ်စွဲနေခြင်းသည်လည်း သင့်ကို ထိန်းချုပ်ချင်နေလို့ပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ဒီလိုအခြေအနေမျိုး မရောက်ဖို့ဆိုရင် လက်မထပ်ခင်ကတည်းက တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် သိနားလည်ပြီး သူ့အကျင့်စရိုက်များကိုလည်း လက်ခံနိုင်တယ်ဆိုမှ နှစ်ယောက် တစ်ဘဝ အတူတူ ရွှေလက်တွဲသင့်တာပဲဖြစ်ပါတယ်။
Source: Raq.org.au
Featured Image: Freepik

