Relationship တိုင်းသည် ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှား၊ ရင်ခုန်စရာများနှင့် အစပြုပါတယ်။ သို့သော် ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ခံစားချက်သည် ရည်းစားသက်တမ်း၊ အိမ်ထောင်သက် ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။ ထိုကြားထဲကမှ ကိုယ့်ရဲ့ ချစ်သူကောင်မလေး၊ ဒါမှမဟုတ် အိမ်ထောင်ဖက် က ကိုယ့်ကို မလေးမစား ပြုမူဆက်ဆံလာတဲ့အခါ စိတ်ထဲမှာ မတင်မကျ ခံစားနေရမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ချစ်သူကောင်မလေး၊ အိမ်ထောင်ဖက် က ကိုယ့်ကို မလေးမစား ပြုမူဆက်ဆံနေတဲ့ အကြောင်းအရင်းတွေက ဘာ့ကြောင့်များဖြစ်မလဲ။
သူ(မ) ကိုယ်တိုင်လည်း သင့်ထံမှ မလေးမစား ပြုမူဆက်ဆံခံနေရလို့
သင် ပြုမူတဲ့အရာတွေသည် သင့်အပေါ် ပြန်လည်ရောင်ပြန်ဟပ်မှာ ဖြစ်ပါတယ်။ သင်က သူ(မ) အပေါ် ဘယ်လိုပြုမူဆက်ဆံသလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်ပါ။ သူ(မ)အပေါ် လေးလေးစားစား ပြုမူဆက်ဆံရဲ့လား။
တကယ်လို့ သင်တို့ နှစ်ယောက်သည် ရန်ဖြစ်လိုက်တိုင်း တစ်ယောက်ကို တစ်ယောက် အော်ဟစ်ဆဲဆိုနေမယ်ဆိုရင်တော့ အချိန်ကြာလာတဲ့အခါ တစ်ယောက်အပေါ် တစ်ယောက် လေးစားမှုတွေ တဖြည်းဖြည်း ကုန်ဆုံးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်သည် သင့်ရဲ့ အိမ်ထောင်ဖက် ဆီက မလေးမစား ပြုမူဆက်ဆံတာမျိုး မလိုချင်ဘူးဆိုရင် ကိုယ့်ဘက်ကလည်း အရင်ဦးဆုံး လေးစားမှုရှိကြောင်း ပြသဖို့ လိုအပ်ပါတယ်။
သင်သည် ကတိစကား မတည်လို့

ကတိစကား မတည်တဲ့သူတွေကို ယုံစားဖို့ရာ ခက်ခဲပါတယ်။ သင်သည် ကိုယ် မလုပ်ပေးနိုင်တဲ့ ကိစ္စအတွက် ကတိမပေးတာ အကောင်းဆုံးပါပဲ။ တကယ်လို့ ခဏ ခဏ ကတိပျက်ပါများလာတဲ့အခါ သင့်ကောင်မလေးသည် သင့်အပေါ် ယုံကြည် လေးစားမှုတွေ ပျောက်ပျက်သွားမှာဖြစ်ပြီး သင်တို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။
သင်သည် သူ(မ)ထံမှ တောင်းဆိုတာတွေ ၊ လိုချင်တာတွေ အရမ်းများနေလို့

တချို့သော ရှေးရိုးစွဲ လူကြီးမိဘတွေရဲ့ ထိန်းကျောင်းခြင်းကို ခံရတဲ့ အမျိုးသားအချို့သည် သူတို့ရဲ့မိဘတွေလိုမျိုးပဲ ရှေးရိုးစွဲနိုင်ခြေ ပိုများပါတယ်။ မိန်းမဆိုတာ ဘယ်လိုပြုမူနေထိုင်ရမယ်။ အိမ်ထောင်မှုကိစ္စများကို ဘယ်လိုနိုင်နင်းအောင် ဆောင်ရွက်ရမယ်။ လင်ယောကျာ်းအပေါ်မှာ ဘယ်လိုပြုစုယုယရမယ် စတဲ့ လိုချင်တာတွေ၊ တောင်းဆိုတာတွေ အရမ်းများလာတဲ့အခါ ကိုယ့်ရဲ့ဇနီးမယားသည်လည်း စိတ်ထွက်ပေါက် မရှိတော့ဘဲ မွန်းကြပ်လာတော့မှာ ဖြစ်ပါတယ်။ ကြာလာတဲ့အခါ သင့်အပေါ်မှာ လေးစားမှုတွေ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။
သင့်ကိုယ်သင် မလေးစားလို့

ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် လေးစားမှ အခြားသူများထံမှလည်း လေးစားမှုကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် “ငါ့ ကိုယ်ငါရော ဘယ်လို ဆက်ဆံနေသလဲ” ဆိုတာ ပြန်လည်စဉ်းစားကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ ဒါမှသာလျှင် အခြားသူကလည်း ကိုယ့်ကို လေးစားမှာဖြစ်ပါတယ်။
သင်သည် စည်းဘောင် ကျော်လွန်းလို့
ကိုယ့်ရဲ့ ချစ်သူကောင်မလေး၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ဖြစ်တယ်ဆိုတာနဲ့ပဲ သူ့ကို ကိုယ်က ပိုင်သွားတာမဟုတ်ပါဘူး။ သူ့စည်း ကိုယ့်စည်းဆိုတဲ့ စည်းတစ်ခုခြားထားဖို့ လိုအပ်ပါတယ်။ သူ့ကိုလည်း ယုံကြည်မှု ပေးထားပြီး သဝန်တိုလွန်းတာမျိုး၊ ချုပ်ချယ်လွန်းတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သူ့ကို ယုံကြည်မှုပေးထားခြင်းသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာနဲ့လည်း အတူတူပါပဲ။ သူက ဖောက်ပြန်သွားမှာလား။ နောက်တစ်ယောက်ရှိနေပြီလား ဆိုတဲ့ သံသယစိတ်ဝင်နေခြင်းသည် သူ့ကိုရော ကိုယ့်ကိုယ်ပါ မယုံကြည်လို့ပဲ ဖြစ်ပါတယ်။
ဘယ်လောက်ပဲ ချစ်ကြိုက်ကာ လက်ထပ်ယူလိုက်ပါစေ ပြောသင့်တဲ့စကား မပြောသင့်တဲ့ စကားတွေဆိုတာလည်း ရှိပါတယ်။ ဥပမာ ရန်ဖြစ်တိုင်း ဒေါသရှေ့ထားပြီး အော်ဟစ်ဆဲဆိုခြင်းတို့ကို မပြုမူသင့်ပါဘူး။ လူတစ်ဖက်သားအား နာကျင်အောင် စကားလုံးကြမ်းကြမ်းတွေနဲ့ စည်းလွတ် ဘောင်လွတ် ထိုးနှက်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
ဒီအချက်များကို ဆင်ခြင်ကြည့်မယ်ဆိုရင် ကွီးတို့ရဲ့ Relationship သည် ပျော်ရွှင်စရာကောင်းလာမှာပဲ ဖြစ်ပါတယ်။
Source: Hackspirit
Featured Image: Themodernman


