ကိုယ်ချစ်တဲ့သူနဲ့ နှစ်ယောက် တစ်ဘဝ ထူထောင်ဖို့အတွက် အိမ်ထောင် ပြုပြီးတဲ့နောက်မှာ ကလေး ယူ၊ မယူ ဆိုတဲ့ အကြောင်းအရာကိုလည်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒီအချက်ကတော့ အိမ်ထောင် မပြုခင်ကတည်းက နှစ်ယောက်စလုံး ကြိုတင် ညှိနှိုင်းထားသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ အိမ်ထောင် ပြုပြီးပါမှ တစ်ယောက်က ကလေး လိုချင်ပေမယ့် အခြားတစ်ယောက်က ကလေးမလိုချင်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ အိမ်ထောင်ရေးသည် ကတောက်ကဆဖြစ်ပြီး အဖုအထစ်တွေ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စအကြောင်းအရာသည် အိမ်ထောင်မပြုခင်ကတည်းက စဥ်းစားသင့်တဲ့အချက်တစ်ခုပဲ ဖြစ်ပါတယ်။
အခုဖော်ပြမယ့် မေးခွန်းများနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ကြည့်လိုက်ပါ။
ကလေး ချစ်တတ်သလား
ကလေးတစ်ယောက် မွေးမယ်ဆိုရင်တော့ ကိုယ်သည် ကလေးချစ်တတ်သလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ ကလေးချစ်တတ်မှသာလျှင် ကလေး ယူသင့်ပါတယ်။ ကလေး မချစ်တတ်ဘဲနဲ့ ကလေးရဲ့ ဝေယျာဝစ္စတွေ လိုက်လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကလေး ယူမယ်လို့ မဆုံးဖြတ်ခင်မှာ ကလေး ချစ်တတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။
ကလေးတစ်ယောက်ကို စိတ်ရှည်လက်ရှည်နဲ့ ပြုစုစောင့်ရှောက်နိုင်သလား
ကလေးဆိုတဲ့ အမျိုးက စိတ်ရှည်လက်ရှည်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်က စိတ်မရှည်တတ်ဘူး၊ ကလေးက တတွတ်တွတ် မေးသမျှ၊ ဂျီကျသမျှကို သည်းမခံနိုင်ဘူးဆိုရင်တော့ ကလေး မယူတာ အကောင်းဆုံးပါပဲ။ နို့မဟုတ်ရင် ကလေးအတွက် စိတ်ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။
ကလေးအတွက် မပူမပင် မကြောင့်မကြရတဲ့ ငွေရေးကြေးရေး စီမံချက် ရှိသလား
ယနေ့ခေတ်မှာ ကလေးတစ်ယောက်ရဲ့ ကုန်ကျစရိတ်က ကိုယ် ချဲ့ရင် ချဲ့သလောက် ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့ ကျောင်းစရိတ်၊ ကျူရှင်းစရိတ်နဲ့တင် တစ်လကို အနည်းဆုံး ၁၀ သိန်း၊ အင်္ဂလိပ် ကျောင်းမှာ ထားမယ်ဆိုရင် ၁၀ သိန်းနဲ့ အထက်ပါပဲ။ ဒီကြားထဲမှာ ကလေးရဲ့ မုန့်ဖိုး၊ မတော်တဆ ဖျားနာလာပါက ဆေးကုသစရိတ် စတာတွေကို ထည့်မတွက်ထားရသေးပါဘူး။ ကလေးတစ်ယောက်ကို မွေးမယ်ဆိုရင် သူ မွေးကင်းစအရွယ်ကနေ သူ့ကိုယ်သူ တာဝန်ယူနိုင်သည်အထိ မိဘ တစ်ယောက်က ကျွေးမွေးစောင့်ရှောက်ကာ ပညာသင်ထားရမှာဖြစ်ပါတယ်။ မွေးပေးထားရုံတစ်ခုတည်းနဲ့ မိဘတာဝန်ကျေနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေး ယူတော့မယ်ဆိုရင် ငွေရေး ကြေးရေး၊ ကလေးတစ်ယောက်ရဲ့ ကုန်ကျစရိတ် စတာတွေကိုပါ ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။
ကလေးကို ဘယ်သူ ထိန်းမှာလဲ
ကလေးက ညနက်သန်းခေါင်အထိ မအိပ်ဘဲ ဂျီကျတတ်တာတွေ၊ လူလားမမြောက်သေးတဲ့အတွက် ပေါက်ကရတွေ လျှောက်လုပ်တဲ့အထိ အန္တရာယ်နဲ့ မကြုံတွေ့ရဖို့အရေး မျက်စိ ဒေါက်ထောက် ထိန်းကျောင်းဖို့လိုအပ်ပါတယ်။ တစ်ယောက်နဲ့ အလုပ်သွားတဲ့အခါ တစ်ယောက်က ကလေးထိန်းကျန်ခဲ့မယ်၊ နှစ်ယောက်စလုံး အလုပ်သွားရင်ရော ကလေးကို ဘယ်သူ ထိန်းမှာလဲ။ ဒီအချက်က စဥ်းစားစရာတစ်ခုပါပဲ။ ကလေးထိန်းနဲ့ အပ်ထားဖို့ဆိုတာကလည်း ထိုကလေးထိန်းက ယုံကြည်ရတဲ့လူ ဟုတ်ရဲ့လား။ အဘိုး အဘွားတွေဆီ အပ်ထားရအောင်ကလည်း အဘိုး အဘွားတွေက မြေးထိန်းရမယ့်သူတွေ မဟုတ်ပါဘူး။ အသက်ကြီးပြီဖြစ်တဲ့အတွက် သန်သန်မြန်မြန်လည်းရှိမှာ မဟုတ်ပါဘူး။ သူတို့လည်း သူတို့ လုပ်ချင်တာတွေ လုပ်မယ်၊ နားချိန်မှာ နားမယ်၊ သူတို့ ဘော်ဒါတွေနဲ့ တွေ့ချင်ပြီး စကားစမြည်ပြောကြတာမျိုးတွေ လုပ်ချင်ကြမှာပါပဲ။ တစ်ခါတစ်လေ အဘိုး အဘွားအိမ် ပို့ထားတာက ဟုတ်ပါတယ်။ အမြဲတမ်းဆိုရင်တော့ တစ်ကိုယ်ကောင်းဆန်ရာ ကျပါတယ်။
ကွီးတို့ရော ကလေး ယူမယ်လို့ ဆုံးဖြတ်ထားကြပြီလား။ အခုဖော်ပြသွားတဲ့ မေးခွန်းတွေရဲ့ အဖြေကိုရော ကြိုတင် စဥ်းစားထားပြီးပြီလား။
Source: Bridalguide
Featured Image: Freepik