စာရွက်စာတမ်း တစ်ပုံတစ်ပင်ကြီးထဲ ခေါင်းနှစ်ပြီး အလုပ်လုပ်ရတဲ့ ခေတ်က ကုန်သွားပါပြီ။ ဒီနေ့ခေတ်မှာ အလုပ်တစ်ခု လျှောက်တော့မယ်ဆိုရင် အခြေခံ အိုင်တီ စကေး တတ်ကျွမ်းထားသလားဆိုတာကို မေးမြန်းလေ့ရှိကြပါတယ်။ ကိုယ့်ဘက်က အခြေခံလောက် တတ်ကျွမ်းထားမှသာ အလုပ်ရဖို့ အခွင့်အလမ်းက ပိုများမှာပဲဖြစ်ပါတယ်။
အိုင်တီစကေး မရှိဘူးဆိုရင်တော့ အလုပ်လုပ်ရတာလည်း အဆင်ပြေတော့မှာမဟုတ်ဘဲ အလုပ်လုပ်နေစဥ်အတွင်းမှာ အခြားအလုပ်ပိုတစ်ခုကို လုပ်ရမယ်ဆိုတဲ့ စိတ်ကြီးက ဝင်ရောက်လာနိုင်ပါတယ်။ တကယ်လို့ ကွီးတို့သာ ကွန်ပျူတာပိုင်း ကျွမ်းကျင်ပိုင်နိုင်မယ်ဆိုရင်တော့ အခုဖော်ပြမယ့် ကောင်းကျိုးများကို ခံစားရမှာပဲဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုမြင့်တက်လာစေတယ်
ကိုယ့်ရဲ့ အဓိက အလုပ်အပြင် ကွန်ပျူတာလည်း ကျွမ်းကျင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုမြင့်တက်လာမှာပဲဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ပတ်သက်လာတဲ့အခါ အခြားသူကို အကူအညီ တောင်းနေစရာမလိုတော့ဘဲ ကိုယ့်ဘာသာ တစ်ယောက်တည်းနဲ့ လုပ်ကိုင်နိုင်လာမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းက ပိုမိုလျင်မြန်လာမယ်
ကိုယ်က ရီပို့တစ်စောင် ရေးရမယ်ဆိုပါစို့၊ ကွီးတို့က ကွန်ပျူတာနဲ့ မရိုက်တတ်ဘူးဆိုရင် လက်ရေးနဲ့ တစ်ခါရေး၊ ပြီးရင် ကွန်ပျူတာဆိုင်သွားပြီး စာစီစာရိုက်လုပ်ခိုင်း၊ ပြီးမှ ပရင့်ထုတ်။ ဒါဆိုရင်တော့ လုပ်ငန်းအဆင့်ဆင့်က လုပ်ရတာ ပိုကြာပြီး အချိန်လည်း ပုတ်ပါတယ်။ တကယ်လို့သာ ကွီးတို့က ကိုယ်တိုင် စာစီစာရိုက်တတ်မယ်၊ Microsoft Office ကို ကျွမ်းပြန်နေအောင် ကျွမ်းတယ်ဆိုရင် အလုပ်လုပ်ရတာလည်း ပိုမိုလျင်မြန်လာပြီး အလုပ်လုပ်ရတာ ပိုမိုပျော်ရွှင်လာမှာပဲ ဖြစ်ပါတယ်။
ငါမှ မလုပ်တတ်တာဆိုပြီး ဘူးပိတ်ငြင်းပြီး လေ့လာသင်ယူမှုမရှိရင်တော့ တစ်သက်လုံး လုပ်တတ်မှာမဟုတ်ပါဘူး။ အလုပ်မှာ ရာထူးတိုးဖို့ အခွင့်အရေးလည်း ဆုံးရှုံးသွားရနိုင်ပါတယ်။ ဘယ်သူကမှ မွေးကတည်းက မတတ်ကြပါဘူး။ ဒီလိုပဲ တစ်နေ့ တစ်နေ့ သင်ယူလေ့လာရင်းနဲ့ တတ်မြောက်ကြတာပါ။ အစပိုင်းမှာတော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ကွီးတို့ လက်က ရင်းနှီးလာပြီဆိုရင်တော့ ကျွမ်းကျင်လာမှာပဲဖြစ်ပါတယ်။
အခြေခံတတ်ကျွမ်းထားသင့်တဲ့ အိုင်တီ စကေး များက ဘာတွေဖြစ်မလဲ။
- အီးမေးလ် ပို့ခြင်း၊ မက်ဆေ့များ အပြန်အလှန် ပေးပို့ခြင်း
- စာစီစာရိုက်ခြင်း
- လုပ်ငန်းသဘောအရ ဆိုရှယ်မီဒီယာ အသုံးပြုရခြင်း
- အွန်လိုင်းပေါ်မှာ အခြေခံထားတဲ့ သုတေသန ပြုလုပ်ရခြင်း
- ဒေတာများ ထည့်သွင်းခြင်း၊ စီစစ်ခြင်း
- အွန်လိုင်းပေါ်တွင် လူလိမ်မခံရအောင် အခြေခံဗဟုသုတများရှိခြင်း
အစရှိတဲ့ စကေးများပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့အလုပ်က မားကတ်တင်းပိုင်း၊ ဒီဇိုင်းပိုင်း၊ ဒေတာ Science ပိုင်းဆိုရင်တော့ ဒီလို အခြေခံ အိုင်တီ စကေး နဲ့ မလုံလောက်တော့ပါဘူး။ အဆင့်မြင့်အိုင်တီစကေးများကို လိုအပ်လာပါပြီ။
- ဒီဇိုင်း ရေးဆွဲခြင်း
- ကုတ်ရေးခြင်း
- Programming ၊ Web နှင့် App Development ပိုင်း
- SEO ၊ SEM နှင့် Content Creation ပိုင်း
- Data Analysis အစရှိတဲ့ အဆင့်မြင့်စကေးများလည်း လိုအပ်လာပြီပဲဖြစ်ပါတယ်။
ဒီစကေးများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားမှသာလျှင် အလုပ်အကိုင် အခွင့်အလမ်းက ပိုမိုများပြားလာမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ကွန်ပျူတာနဲ့ ပတ်သက်ရင် ဘယ်အပိုင်းထိ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ပါသလဲ။
Source: Highspeedtraining
Featured Image: Freepik