မျက်နှာပေါ်က အရေးအကြောင်းတွေဟာ အိုမင်းရင့်ရော်မှု ကို ပြသနေတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသက်အရွယ်အရ အိုမင်းရင့်ရော်မှုကို လွန်ဆန်လို့မရတာ မှန်ပေမယ့် အချို့ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်း ဖြစ်နေတာကတော့ နေထိုင်မှုပုံစံ အမှားတွေကြောင့်လို့ ပြောရမှာပါပဲ။ ဒီတစ်ခေါက်တော့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်စေပြီး ရုပ်အိုစေတဲ့ နေ့စဉ်ဘဝထဲက အလေ့အထ တချို့ကို ပြောပြပါမယ်။

(၁) အကာအကွယ် မပါပဲ နေရောင်အောက်ထွက်ခြင်း

Sun exposure
Photo : Donna Bella Laser Medspa

နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေက မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတဲ့ အဓိက တရားခံပါ။ ဒါကြောင့် နေရောင်အောက်ထွက်တဲ့အခါ နေလောင်ဒဏ်ကာ ခရမ်င် အမြဲလိမ်းသင့်သလို ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်မထိတွေ့စေဖို့ ထီး သို့မဟုတ် ဦးထုပ်လို အကာအကွယ်တွေ ဝတ်ဆင်သင့်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း

Smoking x
Photo : Verywell Mind

ဆေးလိပ်သောက်တာဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသလို အသားအရေ ပျက်စီးမှုကိုလည်း အကြီးအကျယ် ဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အသားအရေ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်ယို့ယွင်းစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မြန်ဆန်စေပါတယ်။ နောက်တစ်ချက်ကတော့ ဆေးလိပ်သောက်တဲ့အခါ ပါးစပ်တဝိုက်က အရေးပြားတွေမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာစေကာ ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်တဲ့ ပုံပေါက်စေပါတယ်။

(၃) အိပ်စက်မှု အနေအထား မှားယွင်းခြင်း

 Sleep Positions
Photo : KTAR News

ဘေးတစောင်းအိပ်တာ သို့မဟုတ် မှောက်အိပ်တဲ့အခါမှာ မျက်နှာအရေပြားကို တွန့်လိပ်စေပြီး အရေးအကြောင်းတွေ ပိုမို အဖြစ်လွယ်စေပါတယ်။ အဓိကအားဖြင့် အိပ်စက်မှု အနေအထားဟာ မျက်နှာအရေပြားအပေါ် ဖိအားသက်ရောက် နေစေတယ်ဆိုရင် အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ မျက်နှာအရေပြားပေါ် ဖိအားသက်ရောက်မှု နည်းတဲ့ ပလက်အနေအထား အိပ်စက်မှုပုံစံအတိုင်း အိပ်သင့်ပြီး အရေပြားပွတ်တိုက်မှုကို လျှော့ချပေးနိုင်တဲ့ ပျော့ပျောင်းနူးညံ့တဲ့ ပိုးသားခေါင်းအုံးစွပ်တွေကို သုံးသင့်ပါတယ်။

(၄) အစားအသောက် ထိန်းသိမ်းမှု မရှိခြင်း ၊ လေ့ကျင့်ခန်း မလုပ်ခြင်း

Unhealthy Diet
Photo : Newsweek

စားသောက်နေထိုင်မှု ပုံစံအမှားတွေဟာ အသားအရေ ကျန်းမာရေးကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ အဓိကကတော့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ ဥပမာ အဆီများတဲ့ အစားအစာတွေ ၊ ပြုပြင်ထားတဲ့ အသားတွေ ၊ ဆီကြော်တွေနဲ့ အနီရောင်အသားတွေဟာ အသားအရေ ကျန်းမာရေးကို လျော့ကျစေပြီး အိုမင်းရင့်ရော်မှု ကို မြန်စေပါတယ်။ အလားတူပါပဲ အထိုင်များတဲ့ နေထိုင်မှုပုံစံ ၊ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံတွေဟာ အရေပြား ကော်လာဂျင်ထုတ်လုပ်မှုကို ကျဆင်းစေပြီး အရွယ်တင်နုပျိုမှုကို ပျက်စီးစေကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တဲ့ ပုံပေါက်စေမှာ ဖြစ်ပါတယ်။

Source : Ohio State Health and Discovery

Featured Photo : Tiege Hanley