ကျွန်တော်တို့ အမျိုးသားတွေအနေနဲ့ အသက် ၂၀ နောက်ပိုင်းမှာ အရေပြားပေါ်မှာ ပေါ်လာတဲ့ အိုမင်းရင်ရော်မှု လက္ခဏာတွေကို သတိထားရတော့မှာပါ။ ဈေးကွက်ထဲမှာ အသားအရေ အမျိုးအစားအလိုက် အိုမင်းရင့်ရော်မှုကို တိုက်ထုတ်ပေးတဲ့ Anti-Aging ထုတ်ကုန်တွေ များစွာရှိနေပါတယ်။ သို့သော်လည်း တချို့ Products တွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် အသားအရေကို ပိုပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားစေနိုင်ပါတယ်။သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် အသားအရေ ထိန်းသိမ်းမှု နည်းလမ်းတွေက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အိုမင်းရင့်ရော်မှု လက္ခဏာတွေကို တိုက်ထုတ်ပေးပြီး အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးကာ နုပျိုလန်းဆန်းစေမယ့် DIY Face Mask ပြုလုပ်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ထောပတ်သီး Face Mask

Photo : The Produce Moms

ထောပတ်သီး Face Mask ကတော့ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး အသားအရေ လျော့ရဲခြင်း ၊ အရေးအကြောင်းများဖြစ်ခြင်း ၊ အသားခြောက်ခြင်းတွေကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်းရှိပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ထောပတ်သီး တစ်ခြမ်းနဲ့ Oats စားပွဲတင်ဇွန်း တစ်ဇွန်းပါ။ ပန်းကန်လုံးတစ်လုံးထဲမှာ ထောပတ်သီးကို ကြိတ်ချေပြီး Oats တစ်ဇွန်းထည့်ကာ ရောမွှေပေးပါ။ ရလာတဲ့ ထောပတ်သီး Face Mask အနှစ် မျက်နှာပေါ်လိမ်းပြီး ၁၀ – ၂၀ မိနစ် အထိ ထားပေးပါ။ ထို့နောက်‌ ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ ကြိမ်ကနေ သုံးကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

(၂) ဆန်ဆေးရေ Face Mask

Photo : Everything Pretty

ဆန်ဆေးရေဟာ အကုန်ကျသက်သပ်သာသာနဲ့ အသားအရေအတွက် ထိရောက်တဲ့ အိမ်တွင်း အလှအပရေးရာသုံး သဘာဝပစ္စည်း တစ်ခုဖြစ်ပါတယ်။ ဆန်ဆေးရေမှာ အိုမင်းရင့်ရော်မှု ကို တိုက်ဖျက်ပေးတဲ့ Flavonoid ဓာတ်တွေ ပါဝင်ပြီး အသားအရေကို တင်းတင်းရင်းရင်း ဖြစ်စေဖို့ ကူညီပေးပါတယ်။ ဆန်ရေတစ်ခွက်ကိုယူပြီး မျက်လုံး ၊ နှာခေါင်းနဲ့ ပါးစပ်နေရာတွေအတွက် အပေါက်ဖောက်ထားတဲ့ Paper Towel ကို ၁၀ မိနစ်ခန့် စိမ်ထားပါ။ ထို့နောက် Paper Towel ကို ခပ်ခပ်ရေညှစ်ပြီး မျက်နှာပေါ် နာရီဝက်ခန့် ကပ်ထားပေးရပါမယ်။ အချိန်စေ့ရင်တော့ Paper Towel ကို ဖယ်ပြီး ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။ ဆန်ဆေးရေသာ ပါဝင်တဲ့ သဘာဝ Face Mask ဖြစ်တာကြောင့် နေ့တိုင်း ပြုလုပ်နိုင်ပါတယ်။

(၃) ကော်ဖီ Face Mask

Photo : Grazia India

ဒီ Face Mask လေးကတော့ မျက်နှာအသားအရေကို နူးညံ့ချောမွေ့စေပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကို လျော့ပါးစေတဲ့အပြင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းဖြင့် အသားအရေကို ကြည်လင်နုပျိုစေကာ အိုမင်းရင့်ရော်မှု ကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကော်ဖီကြမ်းအမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း ၊ ကိုကိုးမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း ၊ အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်းတို့ လိုအပ်ပါတယ်။ ပန်းကန်တစ်လုံးထဲမှာ ကော်ဖီမှုန့်နဲ့ ကိုကိုးမှုန်တို့ကို ရောထည့်မွှေပြီး အုန်းဆီထပ်ထည့်ကာ အနှစ်ရတဲ့အထိ နှံ့အောင် မွှေပေးရပါမယ်။ ရလာတဲ့ ကော်ဖီ Face Mask အနှစ်ကို မျက်နှာနဲ့ လည်ပင်းတို့မှာ လိမ်းပေးပါ။ ထို့နောက် ၁၅ – ၃၀ မိနစ်အထိ ထားလိုက်ပါ။ ပြီးရင်တော့ ရေအေးနဲ့ ညင်သာစွာ ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းလေးကိုလည်း တစ်ပတ်လျှင် ၂ – ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

(၄) သခွားသီး Face Mask

Photo : Treehugger

သခွားသီးဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးတဲ့ အကောင်းဆုံး သဘာဝအလှကုန်တစ်မျိုးဖြစ်ပါတယ်။ အသားအရေကို စိုပြေနုပျိုစေရန်အတွက် လုပ်ဆောင်ပေးတဲ့ အင်ဇိုင်းများလည်း သခွားသီးမှာ အများအပြား ပါဝင်ပါတယ်။ သခွားသီး Face Mask ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေက ၂ မျိုးတည်းပါပဲ။ သခွားသီးတခြမ်းနဲ့ သံပုယိုရည် စားပွဲတင်ဇွန်းတစ်ဇွန်းခန့်ပါ။ အရင်ဆုံး သခွားသီးကို ကြိတ်စက်ထဲထည့် ကြိတ်ပြီး ရလာတဲ့ သခွားသီး အနှစ်ထဲကို သံပုယိုရည် တစ်ဇွန်းရောထည့်မွှေကာ မျက်နှာပေါ် အညီအညာ လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် မျက်နှာကို မိနစ် ၂၀ ခန့်လောက် အခြောက်ခံထားလိုက်ပါ။ အချိန်ပြည့်ရင် ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းလေးကိုလည်း တစ်ပတ်လျှင် ၂ ကြိမ်ကနေ ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ နည်းလမ်းလေးတွေကတော့ ငွေကုန်ကြေးကျမများပဲ၊ အသားအရေအတွက်လည်း အန္တရာယ်မဖြစ်စေပဲ သဘာဝအတိုင်း အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးပြီး နုပျိုလန်းဆန်းစေမယ့် DIY Face Mask ပြုလုပ်နည်းလေးတွေပဲ ဖြစ်ပါတယ်။

Featured Photo : H! Pakistan Magazine