ကြာသပတေးနေ့က ကစားခဲ့တဲ့ အီဂျစ်နဲ့ ဂါနာတို့ရဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ပထမပိုင်းပွဲကစားချိန် ပြီးဆုံးခါနီးမှာပဲ တိုက်စစ်မှူး မိုဟာမက် ဆာလာ တစ်ယောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

Mohamed Salah

Photo : Norman Transcript

လီဗာပူးကြယ်ပွင့်ဟာ ဒဏ်ရာကြောင့် ကွင်းထဲမှာ လဲကျသွားခဲ့ပြီး ဘယ်ဘက်ပေါင်နောက်ဘက်ခြမ်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ အနေအထားကို မြင်တွေ့ခဲ့ရပါတယ်။ အသင်းရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကုသပေးနေစဉ်မှာပဲ ဆာလာဟာ ပွဲကိုဆက်မကစားနိုင်တော့တာကြောင့် ပထမပိုင်း မပြီးဆုံးခင်မှာ လူစားလဲခဲ့ ရပါတယ်။

ဆာလာရဲ့ နေရာမှာတော့ မိုစတာဖာကို အစားထိုးဝင်ရောက် ကစားစေခဲ့ပြီး အီဂျစ်တိုက်စစ်မှူးဟာ အသင်းခေါင်းဆောင် လက်ပတ်ကို နောက်ခံလူ အာမက်ဟီဂါဇီကို ပေးအပ်ခဲ့ပြီးနောက် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဆာလာ ထွက်ခွာပြီးမကြာမီ ပထမပိုင်းနာကျင်အချိန်ပို ၄၈ မိနစ်မှာပဲ ဂါနာဘက်က ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ အဆိုပါ ဦးဆောင်ဂိုးကိုတော့ မိုဟာမက်ကူဒက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်အသင်းအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၆၉ မိနစ်မှာ မာမွတ်ရှ်က သွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ ဂါနာအတွက် နောက်ထပ်ဦးဆောင်ဂိုးကို မိုဟာမက်ကူဒက်စ်ကပဲ သွင်းယူပေးခဲ့ပါတယ်။

ဆက်လက်ပြီး ပွဲကစားချိန် ၇၄ မိနစ်မှာ မိုဟာမက်က အီဂျစ်အတွက် နောက်ထပ် ချေပဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ကာ ပွဲချိန်ပြီးဆုံးသည်အထိ ၂ သင်းလုံး ဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ၂ – ၂ ဂိုးနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Mohammed Kudus

Photo : Goal.com

ပွဲပြီးဆုံးချိန်မှာ အီဂျစ်နည်းပြ ယူရီဗစ်တိုးရီးယားက ဆာလာ ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး အတိအကျမသိရသေးကြောင်း ပြောခဲ့ပါတယ်။ ” ဟုတ်ပါတယ်။ ကျွန်တော်တို့ စိုးရိမ်နေပါတယ်။ ဒဏ်ရာ အခြေအနေ သိပ်ဆိုးဆိုးရွားရွား မဖြစ်ပါစေနဲ့လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ” လို့ ယူရီဗစ်တိုးရီးယားက ပြောကြားခဲ့ပါတယ်။

အီဂျစ်အသင်းကတော့ အာဖရိကဖလားပြိုင်ပွဲအတွင်း နိုင်ပွဲတစ်ပွဲမှ မရရှိသေးပဲ ရမှတ် ၂ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကိပ်ဗာဒီနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ကိပ်ဗာဒီကတော့ ဒီကနေ့ သောကြာနေ့မှာ မိုဇမ်ဘစ်နဲ့ ဒုတိယမြောက် အုပ်စုပွဲစဉ်ကို ကစားသွားမှာ ဖြစ်ပါတယ်။

Featured Photo : San Diego Union-Tribune