ကမ္ဘာပေါ်မှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါင်း ၅၈၃ သန်းကျော်ရှိတယ်လို့ Smallbizgenius ဝက်ဘ်ဆိုက်က ခန့်မှန်းထားပါတယ်။ တကယ့်အချက်အလက်တွေအရဆို ဒီထက်ပို များဖို့ ရှိပါတယ်။ စွန့်ဦးတီထွင်သူတွေ သန်းရာနဲ့ချီ ရှိထားတယ် ဆိုပေမယ့် ထိပ်တန်းရောက်အောင်မြင်သွားတာကတော့ အတော်နည်းပါတယ်။

ဒီလို ဖြစ်ရတာဟာ ဈေးကွက်ထဲမှာ ရှင်သန်နိုင်ဖို့ အခွင့်အလမ်း မရှာနိုင်တာကြောင့်လို့ ဆိုပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်အဖို့ ဈေးကွက်ကို ရေလည်ပတ်လည် နားလည်ထားမယ်ဆိုရင် အောင်မြင်ဖို့ အလားအလာ များပြီး ဈေးကွက်ကိုမှ နားမလည်ရင်တော့ ကျရှုံးနိုင်ခြေ မြင့်တာပါပဲ။ ဈေးကွက်ကို သေချာနားလည်ဖို့ ဘာတွေ လုပ်ရမယ် ၊ ဘယ်လို ချဉ်းကပ်ဖြေရှင်းရမယ် ဆိုတာတွေကတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအဖို့ ဆက်ပြီး လေ့လာရမယ့် သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။

Entrepreneurs ရဲ့ စီးပွားရေးခရီးက လေ့လာသင်ယူစရာတွေ သိပ်များပါတယ်။ အနီးအနားက ကိုယ်လက်လှမ်းမီတဲ့ ပတ်ဝန်းကျင်က အောင်မြင်နေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဆီက လေ့လာရသလို ကမ္ဘာတလွှားက ထိပ်တန်းရောက်အောင်မြင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဆီက သင်ခန်းစာတွေကနေပါ သင်ယူရပါတယ်။

ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော် စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်တဲ့ အီလွန် မတ်စ် ဆီက စီးပွားရေးနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့အကြောင်းကို မျှဝေပေးသွားမှာပါ။ အီလွန်မတ်စ် ဆိုတာ ဒေါ်လာ ဘီလျံ ၂၇၀ လောက် ချမ်းသာတဲ့ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဖြစ်ပြီး နာမည်ကျော် Tesla ကားကုမ္ပဏီ ၊ SpaceX အာကာသယာဉ်လုပ်ငန်းနဲ့ နေစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ သူဌေးကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ အောက်မှာ သူ့ရဲ့ အောင်မြင်ရေး သင်ခန်းစာတချို့ကို ကြည့်လိုက်ရအောင်ပါ။

(၁) Risk ယူပါ

Elon Musk

Photo : Forbes

ဘယ်သူမှ သူများထက် ထူးပြီး စွန့်စားတာမျိုး မလုပ်ချင်တတ်ကြပါဘူး။ အောင်မြင်မယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ရင် စွန့်စားမှုလုပ်ဖို့ (Take Risks) အီလွန်မတ်စ်က အကြံပေးပါတယ်။ အောင်မြင်မှုကြီးကြီး လိုချင်ရင် ငယ်ငယ်ကတည်းက စွန့်စားခန်းများများလုပ်ကြည့်ပါလို့ သူက ဆိုပါတယ်။

စွန့်စားမှုဆိုတာ ဘယ်လောက်ပဲ သေချာတွက်ချက်ထားထား အသည်းတယားယား ရင်တမမ နဲ့ ရင်ဆိုင်ရတာပါပဲ။ မတ်စ်ကိုယ်တိုင် နာဆာအာကာသ အဖွဲ့အစည်းနဲ့ ချိတ်ပြီး အာကာသထဲ ပစ္စည်းနဲ့ လူတွေ ပို့ဆောင်နိုင်ဖို့ ပထမဆုံးပုဂ္ဂလိကပိုင် အာကာသကုမ္ပဏီထောင်ပြီး စွန့်စားခဲ့တာပါ။ မတ်စ်ရဲ့ SpaceX ကုမ္ပဏီကနေ အာကာသထဲ ဒုံးကျည် ၃ ကြိမ် စပြီး စေလွှတ်ရာမှာ ၃ ကြိမ်စလုံး ပျက်ကျခဲ့ပါတယ်။ Tesla ကားကုမ္ပဏီ ‌ထောင်ခါစကလည်း ကားဒီဇိုင်းပြဿနာတွေနဲ့ ထုတ်လုပ်ရေးပိုင်း ချို့ယွင်းချက်တွေ ကြုံခဲ့ပါတယ်။

သူရောင်းခဲ့တဲ့ Zip2 နဲ့ PayPal လုပ်ငန်းတွေကနေ ရတဲ့ ဒေါ်လာသန်း ၂၀၀ လုံးကို SpaceX နဲ့ Tesla ကားကုမ္ပဏီထဲ ထည့်ပြီး ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ မတ်စ်ဟာ Risk တွေ အများကြီး ယူပြီး စွန့်ဦးတီထွင်မှုလုပ်ငန်းထဲ ဝင်ရောက်ခဲ့သူပါ။ သူပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ “စွဲမြဲခိုင်မာတဲ့ ဇွဲရှိဖို့ သိပ်အရေးကြီးပါတယ်။ ခင်ဗျားကို လက်လျှော့ဖို့ ဖိအားမပေးမချင်း စိတ်လျှော့လိုက်တာမျိုး မဖြစ်စေနဲ့”တဲ့။ ပိုပြီး ရင်းရဲတဲ့ လူဟာ ပိုပြီး ရှေ့ရောက်ဖို့ များပါတယ်။

(၂) Skills သစ်တွေ လေ့လာပါ

Tesla CEO

Photo : Inc

လျှပ်စစ်ကားကုမ္ပဏီ နဲ့ အာကာသယာဉ် လုပ်ငန်းထောင်ထားပေမယ့် မတ်စ်ဟာ ကားထုတ်လုပ်ရေးပိုင်း ကျွမ်းကျင်သူတစ်ဦး မဟုတ်သလို ဒုံးကျည်သိပ္ပံပညာရှင်တစ်ဦးလည် မဟုတ်ပါဘူး။ သူ့ရဲ့ အရည်အချင်းတစ်ခုက အချိန်တိုင်း တစ်ခုမဟုတ်တစ်ခု လေ့လာနေတာပဲ ဖြစ်ပါတယ်။ ကိုယ်စိတ်အားထက်သန်တဲ့ ကိစ္စတစ်ခုနောက်ကို လိုက်ဖို့ ကိုယ်မသိတဲ့အရာကြောင့် ‌နောက်ဆုတ်လိုက်ရတာမျိုး မဖြစ်စေဖို့ သူအမြဲ ကြိုးစားခဲ့တာပါ။

Skills သစ်တွေ လေ့လာရေးမှာ ရင်းနှီးမြှပ်နှံတာက ဘယ်တော့မှ အလကားမဖြစ်ပါဘူး။ အနာဂါတ်မှာ ကိုယ်လေ့လာထားတဲ့ အရည်အချင်းတွေက ကိုယ့်ရဲ့ အောင်မြင်ရေးတက်လှမ်းအတွက် လှေကားတွေ ဖြစ်လာမှာပါ။ သူများထက် ပိုသိဖို့ စာဖတ်ပါ။ Skills သစ်တွေ လေ့လာပါ။ ကိုယ့်နယ်ပယ်အလိုက် ဉာဏ်ချဲ့နိုင်အောင် အမြဲကြိုးစားပါလို့ ပြောချင်ပါတယ်။

(၃) ဘယ်တော့မှ လက်မလျှော့လိုက်နဲ့

Musk

Photo : CNBC

အီလွန်မတ်စ်ဟာ သူ့ပန်းတိုင်တွေကို ဘယ်တော့မှ လက်လျှော့တတ်သူမျိုး မဟုတ်ပါဘူး။ စွန့်ဦးတီထွင်မှုလုပ်ငန်းတွေ စပြီး လုပ်ချိန်က စလို့ သူရည်ရွယ်ခဲ့တာတွေအကုန် ဖြစ်အောင် လုပ်ခဲ့ပါတယ်။ မဖြစ်နိုင်ဘူးလို့ လူတိုင်း ပြောနေတဲ့ အိပ်မက်မျိုးတောင် သူက တကယ်ဖြစ်အောင် လုပ်ပြခဲ့ပါတယ်။ Startup တစ်ခု ထောင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်နေရတဲ့ အရာတစ်ခုကို ချိုးဖျက်ပြီး တကယ်ဖြစ်အောင် ပုံဖော်တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ လက်မလျှော့ဘူးလို့ ခံယူလိုက်တာနဲ့ အောင်မြင်ဖို့ အတော်ကြီး နီးစပ်နိုင်ပါတယ်။

(၄) အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ ရယူပါ

Musk In Presentation

Photo : New York Times

အီလွန် မတ်စ် ရဲ့ အောင်မြင်ရေးစကားစုတွေထဲမှာ တစ်ခုပြောထားတာ ရှိပါတယ်။ အဲ့ဒါက “Feedback တွေ ဝင်မယ့် ဖြစ်စဉ်တစ်ခုရှိဖို့ သိပ်အရေးကြီးပါတယ်။ ဒါက ခင်ဗျားလုပ်ထားတာတွေကို အစဉ်မပြတ် တွေးဖစ်သလို ပိုကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲပါ သိနိုင်စေလို့ပါ။ ကျွန်တော်ဖြင့် အကြံဉာဏ်ရဲ့ အကောင်းဆုံးအပိုင်းတစ်ခုလို့ မြင်တယ်။ ပိုကောင်းအောင် လုပ်ဖို့ဆို ပိုတွေးဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖြစ်ဖို့ လိုပါတယ်။ ” တဲ့။

(၅) အမြတ်အစွန်းတွေကို လုပ်ငန်းသစ်မှာ ပြန်မြှုပ်နှံပါ

tesla-ceo-elon-musk

Photo : InsideEVs

အောင်မြင်ခြင်းမှာ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ အဲ့ဒါက အလုပ်တစ်ခုကနေ ရလာတဲ့ အမြတ်အစွန်းတွေကို စီးပွားရေးလုပ်ငန်းသစ်တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။ အတော်များများက အမြတ်ကို လုပ်ငန်းသစ်အတွက် မြှပ်နှံဖို့ တွန့်ကြပါတယ်။ အပေါ် တစ်နေရာမှာ ပြောခဲ့သလိုပါပဲ။ မတ်စ်ဟာ သူရောင်းခဲ့တဲ့ Zip2 နဲ့ PayPal စီးပွားရေးနှစ်ခုက ရတဲ့ ငွေတွေကို Tesla နဲ့ SpaceX တည်ထောင်ဖို့ ပြန်ရင်းရဲပါတယ်။

ဒါက စွန့်စားရာကျပေမယ့် ဒီစွန့်စားမှုဟာ အရမ်းကာရော ကံကိုယုံပြီး ပုံချလိုက်တာမျိုး မဟုတ်ပါဘူး။ စွန့်ဦးတီထွင်သမားတို့ အဖို့ ရင်းနှီးမြှပ်နှံမှုလုပ်တာက စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အသက်ဆိုတာ နားလည်ပါတယ်။ ကိုယ်ရလာတဲ့ အမြတ်အစွန်းတွေကို လုပ်ငန်းသစ်တစ်ခု ဖွံ့ဖြိုးလာဖို့နဲ့ ကိုယ့်လုပ်ငန်းရဲ့ အနာဂါတ်သွားမယ့် လမ်းကြောင်းအတွက် ထည့်သုံးဖို့ လိုပါတယ်။

ကနေဒါနိုင်ငံသူ မိခင်နဲ့ တောင်အာဖရိကန်သား ဖခင်ဖြစ်သူကနေ မွေးဖွားခဲ့တဲ့ အီလွန်မတ်စ် ဟာ ဘောဂဗေဒနဲ့ ရူပဗေဒဘာသာရပ် အထူးပြုဘွဲ့ရခဲ့ပေမယ့် Zip2 လို Web ကုမ္ပဏီတစ်ခု ထောင်ခဲ့သလို PayPal လို ငွေကြေးနည်းပညာကုမ္ပဏီ ၊ SpaceX လို အာကာသယာဉ်ထုတ်လုပ်ရေး ၊ Tesla Motors လို လျှပ်စစ်ကားကုမ္ပဏီ ၊ Solar City နေစွမ်းအင်ကုမ္ပဏီ (နောက်ပိုင်းမှာ Tesla Energy) ၊ OpenAI ၊ Neuralink အာရုံကြောနည်းပညာ နဲ့ ဥမင်တွင်းတူးလုပ်ငန်း The Boring Company လိုမျိုး လုပ်ငန်းပေါင်းစုံ တည်ထောင်ခဲ့သူ ဖြစ်ပြီး လက်ရှိ Entrepreneurship လောကရဲ့ ထိပ်တန်းရောက် အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး လုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။

အီလွန်မတ်စ် မျှဝေတဲ့ သင်ခန်းစာတွေဟာ နယ်ပယ်အသီးသီးက စီးပွားရေးလုပ်သူတွေအတွက် အကျိုးများမယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : InsideEVs