အုံ့ပုန်းကြီး ဆိုတဲ့ နာမည်ပြောင်ကြီးက ကောင်းတဲ့ အနက်အဓိပ္ပါယ်ထက် မကောင်းတဲ့ အနက်အဓိပ္ပါယ်က ပိုများပါတယ်။ သူက အုံ့ပုန်းကြီးပါကွာဆိုပြီး ပြောခံရတဲ့ ပြောလိုက်သူအဖို့ ကွီးတို့အပေါ် အားမလို အားမရဖြစ်တာတွေ ရှိမှာပဲဖြစ်ပါတယ်။ သူ့နေရာနဲ့သူ သိုသိုသိပ်သိပ် လျှို့လျှို့ဝှက်ဝှက် နေရမယ့်အချိန်လည်းရှိသလို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံသင့်တဲ့ အချိန်လည်းရှိပါတယ်။ ဥပမာ ကွီးတို့သည် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ နှစ်ယောက်သား အပေးအယူမျှဖို့အတွက် ပွင့်လင်းဖို့ လိုအပ်ပါတယ်။ ကွီးတို့သာ အုံ့ပုန်းကြီး ဖြစ်နေရင်တော့ တူနှစ်ကိုယ် အပေးအယူမျှဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ မွေ့ရာထက်က ကိစ္စတွေမှာ ဘာ့ကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ကြောက်ရွံ့နေရသလဲ
အဓိက အကြောင်းအရင်း (၄) ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကွီးတို့မှာ အတွေ့အကြုံ (လုံးဝ) မရှိလို့ပါ။ ဒုတိယတစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် နည်းနေလို့ပါ။ တတိယတစ်ချက်ကတော့ အတိတ်မှာ နာကျင်စရာ အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ခဲ့ရလို့ပါ။ နောက်ဆုံး တစ်ချက်ကတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ ကိုယ့်ဖွားဖက်တော် အရွယ်အစားကြောင့် မလုံမလဲဖြစ်နေရလို့ပဲ ဖြစ်ပါတယ်။
အုံ့ပုန်းကြီး လို လုပ်မနေဘဲ နှစ်ဦးသား ပွင့်ပွင့်လင်းလင်းရှိမှသာလျှင် တူနှစ်ကိုယ် အပေးအယူမျှပြီး အိမ်ထောင်ရေး သာယာနိုင်မှာပဲ ဖြစ်ပါတယ်။ အချစ်တစ်ခု၊ အိမ်ထောင်တစ်ခုမှာ Sex က အဓိက မကျပေမယ့် Sex သည် အိမ်ထောင်ရေး သုခ ပြီးပြည့်စုံဖို့ရန်အတွက် လိုအပ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
မွေ့ယာထက်မှာ နှစ်ပါးသွားကတဲ့အခါ ရှက်ကြောက်မနေဘဲ ပွင့်ပွင့်လင်းလင်း ရှိဖို့အတွက် အခုဖော်ပြပေးမယ့် အချက်များက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။
ရုပ်ရှင်နဲ့ လက်တွေ့ဘဝသည် မတူညီဘူးဆိုတာ သတိရပါ
ရုပ်ရှင်ထဲက အချစ်ခန်းတွေသည် ကြည့်ရှုသူများပြီး စိတ်ဝင်စားမှုရအောင် လုပ်ယူဖန်တီးကာ ရိုက်ယူထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို အချစ်ခန်းတွေကြည့်ပြီး ငါတော့ အဲ့ဒီလို မလုပ်နိုင်ပါလား၊ သူကလည်း အဲ့လို မလုပ်ပေးနိုင်ပါလား လို့ ထင်မှတ်ရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ ပြီးပြည့်စုံအောင် ဖန်တီးယူထားတဲ့ အရာတစ်ခုနဲ့ လက်တွေ့ဘဝကို နှိုင်းယှဥ်ရင်တော့ စိတ်ပျက်အားငယ်တာပဲ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ကွီးတို့ နှစ်ဦးသားစလုံးသည် ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် မျှော်လင့်ချက်အမြင့်ကြီးတွေ မထားပါနဲ့။
ပွင့်ပွင့်လင်းလင်း ပြောဆိုပါ
ကိုယ်ကတော့ ဘယ်လိုပုံစံလေးဆိုရင် သဘောကျတယ်၊ သူကရော ဘယ်လိုပုံစံဆိုရင် သဘောကျသလဲ စသည်ဖြင့် သူ့အကြိုက်၊ ကိုယ့်အကြိုက်တွေ ဖလှယ်ကာ စိတ်ကျေနပ်အောင် ဖန်တီးယူနိုင်ပါတယ်။ ရှက်ကြောက်နေရင်တော့ ညစာ ငတ်သွားပါလိမ့်မယ်။ မကြိုက်တဲ့အရာတွေ ရှိရင်လည်း သိမ်းဆည်းမထားဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ ညှိယူလို့ရသမျှ ညှိယူကြည့်ပါ။ တစ်ခုရှိတာက ကိုယ် မကြိုက်တဲ့အရာက သူ့ရဲ့ ဖြစ်တည်မှုကို သွေဖယ်နေတာမျိုး မဖြစ်ရပါဘူး။ သူ့ရဲ့ ဖြစ်တည်မှုကို လေးစားကာ ပွင့်ပွင့်လင်းလင်း တိုင်ပင် ညှိယူပါ။
ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အားမငယ်ပါနဲ့
သာမန်လူသားတစ်ယောက်အနေနဲ့ ပြီးပြည့်စုံမှုဆိုတာ ရှိမှာမဟုတ်ပါဘူး။ ရုပ်ရည်သွင်ပြင် ခန္ဓာကိုယ်နဲ့ ဝမ်းစာရှာနေကြတဲ့ မော်ဒယ်များ၊ မင်းသားတွေဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ် မပျက်စီးအောင် ကြွက်သားတွေနဲ့ ကြည့်ကောင်းအောင် အချိန်တစ်ခု ပေးကာ ဆော့ကစားရပါတယ်။ မျက်နှာကလည်း အရေးအကြောင်းတွေ မပေါ်အောင် နည်းမျိုးစုံနဲ့ ပိုက်ဆံအကုန်ခံကာ ကြိုးစားနေကြရတာပါ။ ကွီးတို့သည် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သူတို့တွေနဲ့ လိုက်ယှဥ်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့် သိမ်ငယ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေရင် နှစ်ပါးသွားလည်း ကနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ချက်ရှိရှိနဲ့ ပြုမူနေမှသာလျှင် စွမ်းဆောင်ရည်ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ။
ကွီးတို့ရော ကိုယ့်ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း ရှိရဲ့လား။
Featured Image: Freepik