လူတစ်ယောက်နဲ့ တစ်ယောက် အောင်မြင်ကြပုံချင်းမတူသလို အောင်မြင်ရေး နည်းလမ်းတွေလည်း အမျိုးမျိုး ကွဲပြားကြပါတယ်။ ဘဝမှာ ချမ်းသာအောင်မြင်ဖို့ များပြားလှတဲ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တွေနောက် လိုက်တာထက် အောင်မြင်သူတွေ ဘယ်လိုဘယ်ပုံ ကျင့်သုံးနေထိုင်ကြလဲဆိုတာကို အတုယူတာက ကိုယ့်အတွက်ပိုပြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အောင်မြင်သူ တွေမှာတွေ့ရတဲ့ အကောင်းဆုံး အရည်အသွေး တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) တစ်ခုတည်းကို အကောင်းဆုံး အာရုံစိုက်တယ်

Photo : Unsplash

ဘဝမှာ ကိုယ့်အတွက်ယုံကြည်မှုအရှိဆုံးနဲ့ အားအသန်ဆုံးအပိုင်းမှာ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပြီး ကြိုးစားခြင်းက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် တစ်ခုပါပဲ။ ဘာပဲလုပ်လုပ် အရာရာတိုင်းကို အရိုးရှင်းဆုံးဖြစ်အောင် လုပ်ပါ။ ရှင်းရှင်းလင်းလင်း မြင်အောင် လုပ်ပြီး ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းရည်နဲ့ လုပ်အားကို ထည့်သုံးမယ်ဆိုရင် တကယ်အောင်မြင်ပါတယ်။

(၂) ဦးတည်ချက်နဲ့ ခရီးဆက်တယ်

Photo : Finanças Inteligentes

အောင်မြင်နေသူတိုင်းက သူတို့ဘဝမှာ ဘာလိုချင်လဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ လိုချင်တဲ့ ပန်းတိုင်တစ်ခုရောက်ဖို့အတွက် ဦးတည် ချက်ကောင်းကောင်းလည်း ထားလေ့ရှိကြပါတယ်။ ဘယ်အရာကမှ သူတို့ရဲ့ ဦးတည်ချက်ကို ယိုင်နဲ့သွားအောင်မလုပ်နိုင်ကြပါဘူး။ ဒါကြောင့်လည်းသူတို့ဘဝမှာ လိုချင်တဲ့အာင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြတာ ဖြစ်ပါတယ်။

(၃) စည်းစနစ်နဲ့ နေထိုင်တယ်

Photo : Medium

စည်းစနစ်ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ အမြင့်ရောက်ချင်တဲ့သူဟာ သူ့ဘဝကို စနစ်တကျ ကိုင်တွယ်စီမံဖို့ အမြဲပဲ လိုအပ်ပါတယ်။ အောင်မြင်သူတွေဟာ ဘဝကို ကိုယ်ပိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ စနစ်ကျကျ နေထိုင်တက်သူတွေပါ။ စည်းစနစ်မရှိရင် အောင်မြင်ဖို့ခက်သလို စည်းမဲ့ကမ်းမဲ့ အောင်မြင်လာသူဟာလည်း ရေရှည်အောင်မြင်မှုကို ခံစားရမှာ မဟုတ်ပါဘူး။

(၄) လူမှု့ဆက်ဆံရေးကောင်းတယ်

Photo : The Nibbler

အောင်မြင်သူ အများစုဟာ လူမှု့ဆက်ဆံရေးနယ်ပယ်မှု သိပ်တော်ကြပါတယ်။ အောင်မြင်ဖို့အတွက် လူမှုဆက်ဆံရေးပညာ မတတ်လို့လည်း မဖြစ်ပါဘူး။ ဘယ်လောက်တော်တော် အပေါင်းအသင်းကောင်းကောင်း ရှာမပေါင်းတတ်ရင် ၊ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းနေရင်လည်း ဖြစ်သင့်သလောက် အထက်ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အောင်မြင်ဖို့ဆိုရင် လူမှုဆက်ဆံရေးကောင်းမွန်ဖို့လည်း မဖြစ်မနေ လိုပါတယ်။

Featured Photo : Depositphotos