လူ့အဖွဲ့အစည်းတိုင်းအတွက် ခေါင်းဆောင် ကောင်းလိုအပ်ချက်ဟာ ဘယ်တော့မှ လျော့ကျသွားတယ်ဆိုတာ မရှိပါဘူး။ ခေါင်းဆောင်မှုတစ်ခုဟာ တိုးတက်ရေးဆီကိုလည်း ဆွဲတင်နိုင်သလို ဆုတ်ယုတ်ရေးဆီကိုလည်း ချဆွဲသွားနိုင်တာပါပဲ။ ဒါကြောင့် ခေါင်းဆောင်မှုအတတ်ပညာနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေ တိုးတက်ဖို့ Leadership & Management Skills သင်တန်းတွေ ထွန်းကားနေတာပဲ ဖြစ်ပါတယ်။
ဘယ်သူမဆို တစ်နေရာမဟုတ် တစ်နေရာမှာ ခေါင်းဆောင် ဖြစ်လာနိုင်ပါတယ်။ အနည်းဆုံးတော့ အိမ်ထောင်ဦးစီး ဖြစ်လာရင်တောင် မိသားစုကြီးပွားချမ်းသာရေးအတွက် ခေါင်းဆောင် လုပ် အုပ်ချုပ်ရစမြဲ ဖြစ်ပါတယ်။ ရောက်လေရာမှာ ခေါင်းဆောင် မှုဘက် အောင်မြင် ထူးချွန်ဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။
(၁) နမူနာပြ ဦးဆောင်ပါ
Photo : Pexels
ခေါင်းဆောင်ဆိုတာ ဒီလိုလုပ်ရတယ်လို့ ရှေ့ကနေ လမ်းပြသွားတဲ့ စံနမူနာတစ်ခုရဲ့ သင်္ကေတပါပဲ။ ကိုယ့်လက်အောက်ငယ်သားတွေ အချိန်လေးစားစေချင်ရင် ကိုယ်က အချိန်ကို အလေးထားပြဖို့ လိုပါတယ်။ ဥပမာ- အလုပ်ကို သတ်မှတ်ချိန်ထက် နည်းနည်း စောလာတာမျိုး ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်အောက်က လူတွေ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်စေချင်ရင် ကိုယ်က ရှေ့ကနေ နမူနာအဖြစ် ဝတ်ပြဖို့ ဖြစ်ပါတယ်။
(၂) ထိထိရောက်ရောက် ဆက်သွယ်ပါ
Photo : Pexels
ကောင်းမွန်တဲ့ ဆက်သွယ်ရေးတစ်ခုက လူမှုအဝန်းအဝိုင်းချိတ်ဆက်ရေးမှာ အရေးပါတဲ့အရာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ လူတွေကို ဘယ်လို ညွှန်ကြားရမလဲဆိုတာလေက်တင် သိတာ မဟုတ်ဘဲ ကိုယ့်ညွှန်ကြားချက်ကို သူတို့ ပြည့်ပြည့်စုံစုံနားလည်အောင်ပါ အားထုတ်ပါတယ်။ တချိန်တည်းမှာပဲ သူ့အောက်ငယ်သားတွေရဲ့ အခြေအနေ နဲ့ စိတ်ပိုင်းဆိုင်ရာအနေအထားတွေကိုပါ သိပြီး အုပ်ချုပ်မှု လုပ်ပါတယ်။
(၃) ဝန်ထမ်းတွေအပေါ် လေးစားမှုရှိပါ
Photo : Pexels
ခေါင်းဆောင်ကောင်းဖြစ်ချင်ရင် ကိုယ်က အထက်လူကြီးပဲ ဆိုပြီး နေရာတကာ ဩဇာပြတာမျိုး မလုပ်ဘဲ လူသားဆန်ဆန် လေးစားချစ်ခင်မှုနဲ့ အုပ်ချုပ်ဦးဆောင်သင့်ပါတယ်။ လိုအပ်တဲ့အခါ ခေါင်းဆောင်တစ်ယောက်ရဲ့ အရှိန်အဝါနဲ့ နေရာအတိုင်း ဆက်ဆံရတာမျိုး ရှိပေမယ့် ပုံမှန်ရပ်တည်ချက်အရ ရိုးဖြောင့် နှိမ့်ချစွာ နေထိုင်ပြီး တဖက်သားကို လေးစားမှုထားဖို့က သိပ်ကို အရေးကြီးပါတယ်။
(၄) အကြံပေးတစ်ယောက် ထားပါ
Photo : Pexels
လူဟာ အရာအားလုံးကို မသိမမြင်နိုင်ပါဘူး။ ဒါကြောင့်ပဲ ကိုယ်မသိတဲ့အရာအတွက် ကိုယ့်ကို လမ်းပြနိုင်သူ ၊ အကြံပြုနိုင်သူတစ်ယောက် ထားရတာ ဖြစ်ပါတယ်။ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်ဖြစ်ဖြစ် သူ့ကို ထိန်းကျောင်းဝန်းရံဖို့ ၊ သူ့အတွက် အထောက်အကူဖြစ်နိုင်တဲ့ အများအသံတွေ ၊ အကြံဉာဏ်တွေ ပေးနိုင်ဖို့ Mentor လို့ ခေါ်တဲ့ အတိုင်ပင်ခံတွေ ထားဖို့ လိုပါတယ်။
(၅) ဘယ်တော့မှ လေ့လာမှုကို မရပ်တန့်လိုက်နဲ့
Photo : Pexels
အရာအားလုံးက ပြောင်းလဲနေတာပါ။ ပြောင်းလဲမှုရေစီးမှာ ခေတ်ဆွေးအတွေးအခေါ်နဲ့ ဖြတ်ကျော်ရင် ဝဲဂယက်ထဲ နစ်မြှပ်ဖို့ပဲ ရှိပါတယ်။ ခေတ်အတိုင်း လိုက်ပါရင်း ခေတ်နဲ့ အဆက်မပြတ်ဖို့ ၊ ထပ်ပြီး တိုးတက်ဆန်းသစ်နေဖို့ အသစ်အသစ် လေ့လာမှုတွေ လုပ်ဖို့ လိုပါတယ်။ အမြဲတမ်း လေ့လာခြင်းက သာမန်လူတစ်ယောက်ကို ထူးချွန်သူ ဖြစ်လာစေပြီး တော်တဲ့လူတစ်ယောက်ကို ပညာရှင်အဖြစ်ကို ရောက်စေနိုင်လို့ ဖြစ်ပါတယ်။
Featured Photo : eu-startups