သင့်ရဲ့ ဘဝ ကို ပြောင်းလဲပစ်ချင်ပြီး အောင်မြင် တဲ့ဘဝတစ်ခုဖြစ်အောင် ကြိုးစားချင်တယ်ဆိုရင် အနိုင်ယူရမယ့် မကောင်းတဲ့ အတွေးအခေါ် အချို့ရှိပါတယ်။ သင့်ခေါင်းထဲကနေ ထိုအတွေးများကို ဖျောက်ဖျက်ပစ်နိုင်မှသာ အောင်မြင်မှုပန်းတိုင်ဆီသို့ အရောက်သွားနိုင်မှာဖြစ်ပါတယ်။

သင့်ခေါင်းထဲမှာ မကောင်းတဲ့ အတွေးများနှင့် ပြည့်နှက်နေသရွေ့တော့ သင့်ရဲ့ဘဝကြီးက အမှိုက်လို ရှုပ်ယှက်ခတ်နေမှာဖြစ်ပါတယ်။

ကောင်းတဲ့အတွေးတွေကိုပဲ အာရုံစိုက်နေလို့မရပါဘူး။ သင့်ခေါင်းထဲမှာ မကောင်းတဲ့အတွေးတွေကို အရင်ဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်။

သင့်ဘဝ အောင်မြင် ဖို့ရန်အတွက် တားဆီးပိတ်ပင်နေတတ်တဲ့ မကောင်းတဲ့ အတွေးအခေါ် တွေက ဘာတွေဖြစ်မလဲ။

အမှားပြုလုပ်ရမှာကို ကြောက်ပြီး ရှုံးနိမ့်ရမှာကို ကြောက်ခြင်း

အောင်မြင် အတွေးအခေါ်

ဒီအချက်သည် လူတိုင်း ကြောက်ကြတဲ့အချက်တစ်ခုပဲ ဖြစ်ပါတယ်။ တကယ်တော့ အမှားပြုလုပ်မိပြီး ရှုံးနိမ့်ရမှာကို ကြောက်စရာမလိုပါဘူး။ အမှားနှင့် ရှုံးနိမ့်ခြင်းတို့သည် အောင်မြင်မှုအတွက် အဓိကသော့ချက် ဖြစ်ပြီး သင့်အတွက် အမြင့်တစ်နေရာဆီသို့ ရောက်အောင် ကူညီပေးမယ့် လှေကားထစ်တွေပဲ ဖြစ်ပါတယ်။

အမှားပြုလုပ်မိရင် ဘာဖြစ်သွားမလဲ၊ မ အောင်မြင် ဘဲ ရှုံးနိမ့်သွားရင် ဘာဖြစ်မလဲ ဆိုတဲ့ အတွေးအခေါ် များနဲ့ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားပါနဲ့။

ယခုအချိန်မှာ အောင်မြင်ကျော်ကြားနေသူများရဲ့ အတ္ထုပတ္တိတွေကို ဖတ်ကြည့်လိုက်ပါ။ ဒါဆိုရင် အောင်မြင်ကျော်ကြားဖို့ရန်အတွက် အမှားပြုလုပ်ခြင်းနှင့် အရှုံးတို့ကိုလည်း ရင်ဆိုင်ရမယ်ဆိုတာ သိနားလည်သွားပါလိမ့်မယ်။

အဓိက အရေးအကြီးဆုံးကတော့ ရှုံးနိမ့်သွားတဲ့အခါ ထိုအရှုံးကနေ လေ့လာသင်ယူပါ။ အမှားတွေ ပြုလုပ်မိတဲ့အခါ အတွေ့အကြုံများရရှိလာမှာဖြစ်ပါတယ်။

အရည်အချင်းတွေ မပြည့်စုံသေးဘူးလို့ စိုးရိမ်နေခြင်း

အောင်မြင် အတွေးအခေါ်

အောင်မြင်ဖို့ရန်အတွက် ပိုင်ဆိုင်ထားရမယ့်အရာတစ်ခုခု သင့်ဆီမှာ မရှိဘူးလို့ စိတ်ပူနေပါသလား။ နောက်တစ်ကြိမ်လောက် ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားကြည့်လိုက်ပါ။

လူတိုင်းသည် ပထမခြေလှမ်းကနေ အစပြုခဲ့ကြတာ ဖြစ်ပါတယ်။ ချန်ပီယံတွေဆိုတာသည်လည်း မွေးကတည်းက ချန်ပီယံအဖြစ် မွေးဖွားလာကြတာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ကြိုးစားယူကြလို့ အောင်မြင်မှုကို ဆွတ်ခူးသွားကာ ချန်ပီယံဖြစ်လာကြတာမဟုတ်လား။

အောင်မြင်သူတွေလည်း သာမန်လူတွေလိုပါပဲ။ ဒါပေမဲ့ သူတို့သည် သူတို့ရဲ့ ရည်မှန်းချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး သူတို့ရဲ့အလုပ်ကို ပိုမိုကြီးသထက် ကြီးမလားလာအောင် ချဲ့ထွင်တတ်ကြပါတယ်။ သူတို့သည် သူတို့အိပ်မက်ထဲက လူသားတစ်ယောက်၊ သူတို့ပုံဖော်ထားသူတစ်ယောက်ဖြစ်လာအောင် အကောင်းဆုံး ကြိုးစားကြပါတယ်။

ဒါ့ကြောင့် သင်သည်လည်း “ငါ့ဆီမှာ ဘာမှမရှိဘူး။ အရည်အချင်းတွေ မပြည့်စုံသေးဘူး” ဆိုပြီး စိုးရိမ်ပူပန်မနေပါနဲ့။ သင်သည် သင် ထင်ထားတာထက်ကို ပိုတော်ကာ လုပ်ဆောင်နိုင်စွမ်းပိုမြင့်ကြောင်း သိထားဖို့လိုပါတယ်။

Comfort Zone ကိုသာ စွဲလမ်းနေခြင်း

အောင်မြင် အတွေးအခေါ်

ဘာစိန်ခေါ်မှုမျှ မရှိဘဲ သက်သောင့်သက်သာနေထိုင်ရခြင်းကိုသာ စွဲလမ်းနေခြင်းသည် သင့်ရဲ့ တိုးတက်မှုကို ရပ်တန့်သွားစေပါတယ်။

ထိုကဲ့သို့သော သူတွေသည် အသစ်သောအရာကို လုပ်ဆောင်ရမှာ ကြောက်ရွံ့ကြပြီး သူတို့ရဲ့ Comfort Zone ထဲမှာသာကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားကြပါတယ်။ အောင်မြင် မှုကို အမှန်တကယ် လိုလားတယ်ဆိုရင် Comfort Zone ထဲမှာပဲ နေမယ်ဆိုရင် အတွေးအခေါ် ကို စွန့်ပစ်ဖို့လိုအပ်ပါပြီ။

သင်္ဘောတစ်စီးသည် ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်ထားရတဲ့အခါ အမြဲတမ်း အန္တရာယ်ကင်းနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က ဆိပ်ကမ်းမှာပဲ ကျောက်ချထားဖို့မှမဟုတ်တာ။ သင့်ဘဝမှာလည်း တိုးတက်မှုမရှိတဲ့အခါ ဘဝသည် တဖြည်းဖြည်းနဲ့ သေဆုံးသွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အောင်မြင်မှုအတွက် ကြိုးစားချင်တယ်ဆိုရင် အသစ်သောအရာတွေကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ Comfort Zone ထဲကနေ ရုန်းထွက်လိုက်ပါ။

အရာအားလုံးကို သိတယ်လို့ ထင်မှတ်နေခြင်း

tips for success for kwee

သင်သည် သင် သိသင့်တဲ့အရာများအားလုံးကို အကုန်သိထားပြီးပြီးလို့ ထင်နေပါသလား။ ဒါဆိုရင်တော့ သင်သည် အောင်မြင်နေရမှာဖြစ်ပါတယ်။

သင် မျှော်လင့်ထားသလို မအောင်မြင်သေးဘူး၊ မချမ်းသာသေးဘူး၊ ကိုယ် သွားချင်တဲ့နေရာကို မရောက်သေးဘူးဆိုရင် သင် မသိသေးတဲ့အရာတွေ အများကြီးရှိသေးတယ်ဆိုတာပါပဲ။

သင် ယခုရောက်နေတဲ့နေရာသည် သင် သိထားတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ထိုအသိပညာ၊ အတတ်ပညာတွေကပဲ သင့်ကို ထိုနေရာရောက်အောင် ဆောင်ကျဉ်းလာခဲ့တာဖြစ်ပါတယ်။

သင့်အနေနဲ့ ဒီ့ထက်ပိုပြီး အောင်မြင်ချင်တယ်၊ အမြင့်ကို တက်လှမ်းချင်တယ်ဆိုရင် ကိုယ် မသိသေးတဲ့အရာတွေကို သင်ယူလေ့လာဖို့လိုအပ်ပါတယ်။ သင်ချည်းပဲ အရာအားလုံးကို သိနေတဲ့ပုံစံ မဖမ်းပါနဲ့။

ပြဿနာတစ်ခုကို မဖြေရှင်းဘဲ အပြစ်တင်နေခြင်း

tips for success for kwee

အပြစ်တင်နေရုံနဲ့ ပြဿနာတစ်ခုသည် ပြေလည်မသွားပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခြင်းသည်လည်း မကောင်းသလို အခြားသူများကိုလည်း အပြစ်မတင်သင့်ပါဘူး။ အခြားသူကို လက်ညှိုးတစ်ချောင်းထိုးမယ်ဆိုရင် ကျန်တဲ့လက်ချောင်းများကို သင့်ကို ထိုးနေမှာဖြစ်ပါတယ်။

ပြဿနာတစ်ခုကြုံတွေ့ရတဲ့အခါ အကောင်းဆုံးနည်းလမ်းကတော့ အပြစ်တင်နေရမှာမဟုတ်ဘဲ တစ်စုံတစ်ခု ထလုပ်ကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။

အခြားသူများနှင့် နှိုင်းယှဉ်လွန်းခြင်း

tips for success for kwee

ကျွန်တော်တို့ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်သည် အမြဲတမ်း သူတစ်ပါးနှင့် နှိုင်းယှဉ်ခံနေရတာဖြစ်ပါတယ်။ ငယ်စဉ်တုန်းက အတန်းမှာ အဆင့်ကျသွားတဲ့အခါ “နင့် သူငယ်ချင်းကတော့ ဘယ်လောက်တော်တာ၊ နင်ကတော့ အသုံးမကျဘူး” ဆိုတဲ့ စကားတွေနဲ့ ဆုံးမခံခဲ့ရတာဖြစ်ပါတယ်။ ထိုအရာသည် သင့်ကို စိတ်မလုံခြုံမှု ဖြစ်စေပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကျဆင်းသွားစေပါတယ်။

အသက်အရွယ်ရလာတဲ့အခါမှာလည်း ထိုအကျင့်က အမြစ်စွဲသွားပြီး ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးနဲ့ လိုက်နှိုင်းယှဉ်မိပါလေရော။ ဒါဆိုရင်တော့ သင့် အောင်မြင် မှုအတွက် မကောင်းတဲ့ အတွေးအခေါ် တစ်ခု စူးစိုက်ဝင်သွားပြီပဲဖြစ်ပါတယ်။

ထိုကဲ့သို့သော အတွေးမျိုးကို တဖြည်းဖြည်းချင်းစီ ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။ သူတစ်ပါးနဲ့ နှိုင်းယှဉ်မယ့်အစား ကိုယ့်ရဲ့ တိုးတက်မှုဖြစ်စဉ်ကိုသာ ပြန်လည်သုံးသပ်ကာ နှိုင်းယှဉ်ရမှာဖြစ်ပါတယ်။

Source: Stunningmotivation

Featured Image: Medium