အောင်မြင် ဖို့ ဘာတွေ လိုသလဲလို့ မေးရင် ဖြေရမှာ အများကြီး ရှိနိုင်ပါတယ်။ လူတစ်ယောက်ကို အောင်မြင်အောင် ပုံဖော်ပေးတဲ့အရာတွေ အများကြီးပါပဲ။ စိတ်ဓါတ်ကောင်းခြင်း ၊ ဇွဲ လုံ့လ ဝီရိယရှိခြင်း ၊ ဆွဲဆောင်မှုကောင်းခြင်း ၊ မိတ်ကောင်းဆွေကောင်း ရှိခြင်း ၊ အတတ်ပညာအရည်အချင်း ပြည့်စုံခြင်း စသည်ဖြင့် စာရင်းအရှည်ကြီး ထွက်လာနိုင်ပါတယ်။ အရည်အချင်း ပြည့်ဝတဲ့သူဟာ အောင်မြင်ဖို့ အခြေအနေကောင်းနဲ့ ပြည့်စုံထားပြီးသား ဖြစ်လို့ အောင်မြင်မှုနဲ့ လက်တစ်ကမ်းမှာလို့ ပြောကြပါတယ်။ အရည်အချင်း ဆိုတာမျိုးက ကျောင်းသင်ရိုးတစ်ခုတည်းနဲ့ ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
ဘဝထဲမှာ အလုပ်ထဲမှာ သင်ယူသွားရတာတွေလည်း အများကြီးပါပဲ။ ကိုယ်ရောက်နေတဲ့ နယ်ပယ်အလိုက် တတ်ထားသင့်တဲ့ ပညာတွေ ရှိသလို မဖြစ်မနေ ပြည့်စုံထားသင့်တဲ့ အရည်အချင်း တွေလည်း ရှိပါတယ်။ လူတစ်ယောက် ဘယ်နေရာ ရောက်ရောက် အောင်မြင် ဖို့ဆို အခုပြောမယ့် အရည်အချင်း တွေ ပြည့်စုံထားဖို့တော့ လိုပါတယ်။
(၁) အများရှေ့ စကားပြောခြင်း Public Speaking

Photo : Pexels
လူတိုင်း စကားပြောတတ်ကြပါတယ်။ ဒါပေမယ့် လူတွေရဲ့ စိတ်နှလုံးကို ကိုယ့်အလိုကျ သိမ်းကျုံး ဆွဲသွင်းနိုင်အောင် ဩဇာစူးရှတဲ့ စကားပြောနည်းမျိုးနဲ့ မစည်းရုံးနိုင်ရင် အောင်မြင်ဖို့ ခက်ပါတယ်။ တစ်ဦးချင်း စကားပြောဆို ဆက်ဆံရာမှာဖြစ်ဖြစ် အများနဲ့ စကားပြောရာမှာ ဖြစ်ဖြစ် ပြောတတ်ဆိုတတ်သူက တခြားသူတွေထက် တပန်းသာပါတယ်။ စင်ပေါ်တက်ပြီး လူရှေ့ထွက် စကားပြောရတဲ့ ကိစ္စမျိုးကတော့ ဘဝနဲ့ချီပြီး အရေးကြီးတဲ့ ကိစ္စမျိုးပါ။
အလေ့အကျင့်မရှိရင် Public Speaking Skill ပြည့်ဖို့ ခက်ပါတယ်။ Public Speaker ကောင်းတစ်ယောက်ဆိုတာ ကိုယ်ပြောချင်တဲ့ သဘောတရားတစ်ခုခု ၊ ဖြစ်ရပ်တစ်ခုခုကို လူရာချီ ထောင်ချီ လက်ခံချင်အောင် ဆွဲဆောင်မှုရှိရှိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ တင်ပြရတာပါ။ Public Speaking Skill ကောင်းတဲ့သူဟာ ရောင်းကုန်ကိုပဲ ရောင်းရောင်း ၊ အိုင်ဒီယာပဲ ချပြပြ လူအများ ခေါင်းငြိမ့်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီအရည်အချင်းမျိုးဟာ အရောင်းဝန်ထမ်းတစ်ယောက်ကနေ သမ္မတကြီးအထိ လိုအပ်တဲ့ အရည်အချင်းမျိုး ဖြစ်လို့ Public Speaking ကောင်းခြင်းဟာလည်း အောင်မြင်ချင်သူတို့ ဖြည့်ဆည်းထားရမယ့် အရည်အချင်းလို့ ပြောချင်ပါတယ်။
(၂) စာအရေးအသား ကောင်းခြင်း Writing Skill

Photo : Pexels
စာရေးကောင်းခြင်းဟာ ဝါကျတွေနဲ့ Public Speaking လုပ်နေတာ ဖြစ်ပါတယ်။ ပွဲတိုင်း တက်ပြောဖို့ မဖြစ်နိုင်ပေမယ့် ကိုယ့်အမြင် ၊ သဘောထား နဲ့ အယူအဆတစ်ရပ်ရပ်ကို Social Media ပလက်ဖောင်းတွေပေါ်ကနေ ဖြစ်ဖြစ် ဝက်ဘ်ဆိုက် ၊ ဖိုရမ် ၊ ဘလော့ဂ်လို Digital Space တွေကနေ ဖြစ်ဖြစ် တင်ပြလို့ ရပါတယ်။ စာရေးကောင်းခြင်းကလည်း စကားပြောကောင်းခြင်း နဲ့ အကျိုးသွားခြင်း ဆင်ပါတယ်။
Writing Skill ရှိသူဟာ သာမန်လူတွေထက် ထုတ်ကုန်တွေ ရောင်းတာ , အိုင်ဒီယာ တင်ဆက်တာ နဲ့ ကိုယ့်အရည်အချင်းကို ချပြရာမှာ ပိုပြီး ပေါ်လွင်ထင်ရှားပါတယ်။ လုပ်ငန်းခွင်မှာလည်း အလုပ်အီးမေလ်းရေးနည်းကနေ Newsletter နဲ့ Statement တွေ ထုတ်တာအထိ စာအရေးအသား ကောင်းဖို့က အရေးပါပါတယ်။ Public Speaking Skills လိုပါပဲ Writing Skill ကောင်းခြင်းကလည်း အခွင့်အလမ်းသစ်တွေအတွက် တံခါးတစ်ချပ် ဖွင့်ပေးနိုင်စွမ်း ရှိပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှု – Self-Management

Photo : Pexels
Self-Management ဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်းတစ်မျိုးပါပဲ။ စိတ်ခံစားချက်တွေ ၊ အတွေး နဲ့ အပြုအမူတွေကို ကိုယ်လိုသလို ထိန်းချုပ်နိုင်စွမ်း ရှိခြင်းဟာ Self-Management Skill ပဲ ဖြစ်ပါတယ်။ လူပေါင်းစုံ နဲ့ ထိတွေ့ဆက်ဆံနေရတဲ့ လောကကြီးမှာ ကိုယ်နဲ့ အဆင်ပြေသူလည်း ရှိမယ် ၊ စိတ်အခန့်မသင့်စရာ လူတွေနဲ့လည်း ကြုံနိုင်ပါတယ်။
ဘယ်လို အခြေအနေ ၊ ဘယ်လိုလူတွေနဲ့ ကြုံကြုံ ကိုယ့်စိတ်ကို လိုချင်တဲ့ ရလဒ်ပေါ် မောင်းတင်ပြီး အာရုံစိုက် စီမံခန့်ခွဲနိုင်ခြင်းဟာ အလွန်ကိုပဲ အရေးပါ ထူးကဲလှတဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။ ဒီအရည်အချင်းမျိုး ပိုင်နိုင်သူဟာ ဘဝမှာ ကြုံသမျှ အနိမ့်အမြင့် အခြေအနေတိုင်းကနေ အကောင်းဆုံး ရလဒ် ထွက်အောင် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
(၄) လူမှုဆက်ဆံရေး အသိုင်းအဝိုင်းကောင်းခြင်း – Networking

Photo : Pexels
အသိအကျွမ်းပေါများခြင်း Networking ကောင်းခြင်းက အပေါင်းအသင်းဆက်ဆံရေးအပြင် အလုပ်အကိုင် နဲ့ ဘဝအောင်မြင်ရေးအတွက်လည်း အရေးကြီးပါတယ်။ အိုင်ဒီယာသစ်တွေ ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ကြီးစိုးနေတဲ့ စီးပွားရေးလောကကြီးမှာ Networking ကောင်းခြင်းက အချင်းချင်းအကြား ဆန်းသစ်တဲ့ အိုင်ဒီယာ စီးကူးမှုလမ်းကြောင်းတစ်ခုကို ဖော်ဆောင်နိုင်ပါတယ်။
အခွင့်အလမ်းသစ်တွေ နဲ့ အသိပညာသစ်တွေလည်း ပေါ်ပေါက်လာစေနိုင်ပါတယ်။ လူမှုကွန်ရက် ကြီးလာလေလေ ၊ လူမှုဆက်ဆံရေးအဝန်းအဝိုင်းကို လိုက်ပြီး အသိပညာနဲ့ အခွင့်အလမ်း နယ်ပယ်သစ်တွေ ဖြစ်ထွန်းလာစေနိုင်ပါတယ်။
Featured Photo : thelens
