အွန်လိုင်း ပေါ်က တွေ့ကရာ လင့်ခ် တွေကို လျှောက်နှိပ်တတ်တဲ့ အကျင့်မျိုး ကွီးတို့ဆီမှာ ရှိပါသလား။ ဒါဆိုရင်တော့ ထိုအကျင့်ကို အမြန်ဆုံး ဖျောက်ဖျက်သင့်ပါတယ်။ ဘာ့ကြောင့် ဖျောက်သင့်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။

ယနေ့ခေတ် အွန်လိုင်း အသုံးပြုသူများအကြား ကြုံတွေ့ရတဲ့ အန္တရာယ်များ

online safety

ယနေ့ခေတ်မှာ လူတိုင်း နီးပါးက အင်တာနက်ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အင်တာနက်သည် သုံးတတ်လျှင် တကယ့်ကို ရတနာသိုက်ကြီးနဲ့ တူပါတယ်။ မသုံးတတ်ဘူးဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။ အင်တာနက်ကနေ ကွီးတို့ မဟုတ်ဘဲ ကွီးတို့ အယောင်ဆောင်တဲ့ လူတွေလည်း ရှိနိုင်ပါတယ်။ အွန်လိုင်းကနေ လိမ်လည်တာမျိုး၊ ခြိမ်းခြောက်ခံရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး အလိမ်ခံရတာမျိုး၊ ခြိမ်းခြောက်ခံရတာမျိုးတွေ မရှိဖို့အတွက် တွေ့သမျှ လင့်ခ်တွေကို လျှောက်မနှိပ်မိဖို့ လိုအပ်ပါတယ်။ တချို့ ဝက်ဘ်ဆိုဒ်တွေဆိုရင် အမှန်တကယ် မဟုတ်ဘဲ အလိမ်အညာ ဝက်ဘ်ဆိုဒ်တွေ ဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့က ထိုဝက်ဘ်ဆိုဒ်များကို မတော်တဆ မှားနှိပ်မိရင်ပဲ ဖြစ်ဖြစ်၊ မသိလို့ မှားနှိပ်မိရင်ပဲ ဖြစ်ဖြစ်၊ သိလိုက်တာနဲ့ ချက်ချင်းပဲ ထိုဝက်ဘ်ဆိုဒ်ကနေ အမြန်ဆုံး ထွက်လိုက်ပါ။ ပြီးရင် ကွီးတို့ရဲ့ Password တွေ အကုန်လုံးကို အသစ်ပြောင်းပစ်ဖို့ လိုအပ်ပါလိမ့်မယ်။​ နို့မဟုတ်ရင် ကွီးတို့ရဲ့ ဒေတာတွေ အကုန်ပါသွားပြီး အန္တရာယ် ရှိနိုင်ပါတယ်။

ကွီးတို့အနေနဲ့ အင်တာနက်ကို ဘေးကင်းလုံခြုံစွာ အသုံးပြုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာသင့်ပါတယ်။​

ကွီးတို့ အသုံးပြုတဲ့ အင်တာနက်လိုင်းက လုံခြုံစိတ်ချမှု ရှိဖို့ လိုအပ်ပါတယ်

online safety

ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ အစရှိတဲ့ အများသုံး ဝိုင်ဖိုင်တွေသည် လုံခြုံ စိတ်ချမှုပိုင်းမှာ အားနည်းပါတယ်။ ဖြစ်နိုင်ရင်တော့ အပြင် ရောက်နေတဲ့အချိန်ဆို ကိုယ့်ဒေတာနဲ့ အင်တာနက် သုံးတာ အကောင်းဆုံးပါပဲ။ တကယ်လို့ မဖြစ်မနေ သုံးရမယ်ဆိုရင်တော့ VPN ခံပြီး အသုံးပြုတာ အကောင်းဆုံးပါပဲ။

Password ခံတဲ့အခါ သတိထားပါ

အွန်လိုင်း လင့်ခ်

ကွီးတို့ Password တွေကို ခန့်မှန်းရလွယ်တဲ့ မွေးနေ့များ၊ အိမ်နံပါတ် စတာတွေကို မပေးမိပါစေနဲ့။ မသမာသူတွေက အလွယ်လေး အကောင့်ကို ဟက်ခ်နိုင်ပါတယ်။ Password ထားတော့မယ်ဆိုရင် အကောင်းဆုံးကတော့…

ရှည်လေ ကောင်းလေပါပဲ။ အလုံးရေ ၁၂ လုံးလောက် ထားပါ။

စာလုံး အကြီး၊ စာလုံးအသေး၊ နံပါတ်၊ သင်္ကေတ အစရှိတဲ့အရာများကို ရောပြွမ်းပြီး သတ်မှတ်ထားပါ။

၁၂၃၄ ဆိုတဲ့ အစဥ်လိုက် ဂဏန်းတွေကိုလည်း ရှောင်ကြဥ်ပါ။

Multi-Factor Authentication ခံထားပါ

အွန်လိုင်း လင့်ခ်

ကွီးတို့ အကောင့်ကို တစ်ယောက်ယောက်က ဟက်ခ်နေပြီဆိုတာကို သိဖို့ရန်အတွက် Multi-Factor Authentication ခံထားပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ်တစ်ယောက်တည်း သိတဲ့ ကိုယ်ရေး ကိုယ်တာ မေးခွန်းတွေကို သတ်မှတ်ထားပါ။ One-Time Password လိုမျိုး ခံထားပါ။ ကွီးတို့ရဲ့ လက်ဗွေ (သို့) မျက်နှာ စကန်ဖတ်ခြင်း (သို့) အသံဖြင့် အမိန့်ပေးခြင်း အစရှိတဲ့ နည်းလမ်းများနဲ့လည်း လုံခြုံရေးကို မြှင့်တင်နိုင်ပါတယ်။

အွန်လိုင်း ပေါ်က တွေ့သမျှ လင့်ခ် တွေ အကုန်လုံးကို လျှောက်မနှိပ်ပါနဲ့

အွန်လိုင်း လင့်ခ်

ဒီနေ့ခေတ်မှာ အကုန်လုံးက ဆက်စပ်နေတာပါ။ ကွီးတို့ရဲ့ ဘဏ်သည်လည်း အီးမေးလ် အကောင့်တွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ကွီးတို့ အီးမေးလ်ကို မသင်္ကာစရာ အီးမေးလ်နဲ့အတူ လင့်ခ်တွေ ဝင်ရောက်လာတယ်ဆိုရင် လုံးဝ မနှိပ်လိုက်ပါနဲ့။ အမှိုက်ပုံးထဲသာ ထည့်လိုက်ပါ။ ဒါမှမဟုတ် ဖေ့ဘွတ်ခ် သူငယ်ချင်းဆီကနေ ဒီလင့်ခ်ထဲကို ဝင်လိုက်ပါ ဆိုပြီး မက်ဆေ့ချ်တွေ ပို့လာခဲ့ရင်လည်း လျစ်လျူရှု ထားလိုက်ပါ။ ကွီးတို့က ထို လင့်ခ်တွေကို အယောင်ယောင် အမှားမှားနဲ့ နှိပ်မိမယ်ဆိုရင် ငါးပါး မှောက်သွားပါလိမ့်မယ်။

ကွီးတို့ရော အင်တာနက် လုံခြုံရေးပိုင်းနဲ့ သက်ဆိုင်တဲ့ အခြားသော နည်းလမ်းကောင်းများကို သိထားတာရှိပါလား။ ရှိရင် ဝေမျှ ပေးခဲ့နိုင်ပါတယ်။

Source: Kaspersky

Featured Image: News.umanitoba.ca