ဥရောပ နိုင်ငံ အများစုက ယဥ်ကျေးမှုနှင့် နေထိုင်မှုပုံစံတွေက ဆင်တူပြီးတော့ အင်္ဂလိပ်ဘာသာစကားကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ဒါပေမဲ့ အာရှနိုင်ငံများကတော့ ယဥ်ကျေးမှုများ ကွဲပြားခြားနားကြပြီး ပြောဆိုတဲ့ ဘာသာစကားများကလည်း အများကြီး ခြားနားတာကြောင့် အခုမှ ပထမဦးဆုံး ပြည်ပ ခရီးထွက်မယ့် ကွီးတို့အတွက်တော့ အခက်အခဲ ဖြစ်နိုင်ပါတယ်။ တစ်ခါ ဥရောပ နဲ့ အာရှ နဲ့ ခရီးသွားတဲ့ ကုန်ကျစရိတ်ချင်း ယှဥ်ပြန်ရင်တော့ ဥရောပက အာရှထက် ပိုပြီး ဈေးကြီးပါတယ်။
ဒါဆိုရင် ပြည်ပသို့ ခြေဆန့်ကာ အားလပ်ရက် ခရီးသွားမယ့် ကွီးတို့အနေနဲ့ ဥရောပ သို့ သွားသင့်သလား (သို့) အာရှ ဆီသို့ ခြေဦးလှည့်သင့်သလား။
ကွီးတို့က ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သေချာ စဥ်းစားကြည့်နိုင်ပါတယ်။
အာရှနိုင်ငံတွေဆီမှာ ဗီဇာ လျှောက်ရတာ ပိုလွယ်ပါတယ်
Photo: Veenaworld
ဥရောပနိုင်ငံ တစ်နိုင်ငံလောက်ကို ရွေးချယ်ပြီး ဗီဇာ လျှောက်ကြည့်လိုက်ပါ။ ဘာကြောင့် သွားမှာလဲ။ လက်ထဲမှာ ဘယ်လောက်ရှိသလဲ။ ဘာသွားလုပ်မှာလဲ။ ဟိုမှာ အမျိုးတွေရော ရှိသလား စတဲ့ မေးခွန်းပေါင်း များစွာကို ကွီးတို့က ဂျပန်မူလီထက် ပိုဆိုးတာမျိုးနဲ့ အရစ်ခံရမှာပါ။ ဒါပေမဲ့ အာရှနိုင်ငံတွေဆီ သွားမယ်ဆိုရင်တော့ ဗီဇာ လျှောက်ရတာ အလွယ်လေးပါပဲ။ တချို့နိုင်ငံတွေဆိုရင် ၁၄ ရက်လောက် ဗီဇာ မလိုဘဲ အလည်အပတ် သဘောမျိုးနဲ့ သွားလို့တောင် ရပါတယ်။
ရာသီဥတုနဲ့ ပတ်သက်လာရင်လည်း အပူအအေး မျှတတာက အာရှနိုင်ငံတွေပါ
Photo: Japantimes
အာရှနိုင်ငံတွေရဲ့ ရာသီဥတုက အပူ အအေး မျှတပြီး ဥရောပ နိုင်ငံတွေလိုမျိုး ပြင်းထန်လွန်းတဲ့ ရာသီဥတုမျိုး မရှိပါဘူး။ ဥရောပနိုင်ငံများဆီသို့ ခရီးသွားမယ်ဆိုရင် ဇူလိုင်လကနေ သြဂုတ်လအထိက ခရီးသွားလို့ အကောင်းဆုံးလတွေပါပဲ။ ဒါ့ကြောင့်လဲ ထိုလတွေဆီရင် ခရီးသွားများနဲ့ ပြည့်နှက်နေလို့ သွားလာရတာက စိတ်ကျဥ်းကြပ်စရာပါပဲ။ ဒါပေမဲ့ အာရှနိုင်ငံတွေကတော့ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။ ဘယ်အချိန်ခရီးသွားချင်သလဲ တစ်နှစ်ပတ်လုံး ကြိုက်တဲ့အချိန် သွားလို့ရပါတယ်။ မိုးရာသီဆိုရင်လည်း တစ်နေ့လုံးနေမှ တစ်နာရီလောက်သာ မိုးရွာတာပါ။
အကောင်းစား ဘီယာတွေကိုလည်း ဈေးသက်သက်သာသာနဲ့ ဝယ်သောက်နိုင်တယ်
Photo: Batsonriver
ဝီစကီ ချစ်သူ၊ ဘီယာ ချစ်သူ ဘီးကျဲတို့ကတော့ ဥရောပ နိုင်ငံတွေဆီ သွားမယ့်အစား အာရှနိုင်ငံတွေဆီသာ သွားလည်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဝီစကီတွေ၊ ဘီယာ အကောင်းစားတွေကို ဈေး သက်သက် သာသာနဲ့ ဝယ်သောက်နိုင်လို့ပါပဲ။
အာရှနိုင်ငံရဲ့ အလှက ပိုလှပါတယ်
Photo: Vivify
မယုံရင် ကမ်းခြေတွေကိုသာ နှိုင်းယှဥ်ကြည့်လိုက်ပါ။ အာရှနိုင်ငံရဲ့ ကမ်းခြေ အလှအပက ဥရောပ နိုင်ငံများထက် ပိုလှပါတယ်။ ဒါတောင် တောင်တန်းတွေရဲ့ အလှအပတွေကို ထည့်မတွက်ထားသေးပါဘူး။ အာရှနိုင်ငံရဲ့ အလှအပက ပိုပြီး အရိုင်းဆန်ပြီး သဘာဝ ပိုဆန်တဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ ပထမဦးဆုံးအနေနဲ့ ပြည်ပ ခရီးသွားမယ်ဆိုရင် အာရှနိုင်ငံများကို ပိုပြီး ဦးစားပေးသင့်ပါတယ်။
အစားတစ်လိုင်းတွေအတွက်တော့ အာရှနိုင်ငံပါပဲ
Photo: Asianinspirations
အာရှသားတွေအတွက်ကတော့ အာရှစာက တကယ့်ကိုမှ အရသာ အရှိဆုံးပါပဲ။ ဥရောပ နိုင်ငံတွေဆီ သွားလည်ရတဲ့ အာရှ သားတစ်ယောက်ရဲ့ ဒုက္ခကို ဘယ်အချိန်မှာ သိမလဲဆိုရင် ဗိုက်အရမ်းဆာနေတဲ့ အချိန်ပါပဲ။ ကိုယ်က အာရှ အစားအစာတွေကို စားချင်ပေမယ့် အလွယ်တကူလည်း ရှာမရတဲ့အပြင် ဥရောပနိုင်ငံရှိ အာရှဆိုင်တွေကလည်း ဥရောပသားတွေအကြိုက် ချက်ပြုတ် ပြင်ဆင်ထားတာဆိုတော့ ကွီးတို့ ခံတွင်း တွေ့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် လမ်းဘေးစာလိုမျိုး အရသာလည်းရှိ ဈေးလည်း သင့်တင့်တဲ့ ဈေးဆိုင်တန်းတွေက အာရှနိုင်ငံတွေမှာ ပိုပေါပါတယ်။
ကဲ… ဒါဆိုရင်တော့ ကွီးတို့လည်း ဘယ်နိုင်ငံတွေဆီ ခရီးသွားရမလဲဆိုတာ စဥ်းစားလို့ ရသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Source: Tripoto
Featured Image: Experiencetravelgroup