ကျွန်တော်တို့ရဲ့ ဦးနှောက် က ခန္ဓာကိုယ်မှာရှိတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းများထဲက တစ်ခုဖြစ်ပြီး ကျွန်တ်ေတို့ လုပ်သမျှကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဦးနှောက်ကို ကျွန်တော်တို့ လုပ်ငန်းဆောင်တာများအတွက်သာမက ဘက်ပေါင်းစုံအတွက် မရှိမဖြစ် အသုံးပြုနေရပါတယ်။ ဒီလို ဦးနှောက်ကို ဂရုစိုက်ဖို့လိုပါတယ်။ သို့သော်လည်း တစ်ခါတစ်မှာ ကျွန်တော်တို့က သတိမမူမိဘဲ ဦးနှောက်ကို ထိခိုက်စေတဲ့ အလေ့အကျင့်တွေ ပြုလုပ်မိတတ်ပါတယ်။ ကွီးတို့ရဲ့ ဦးနှောက်ကို မဖျက်စီးမိအောင် အလေ့အကျင့်ဆိုးတွေကို ရှောင်ရှားနိုင်ဖို့ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးပါမယ်။
လုံလောက်စွာ မအိပ်စက်ခြင်း
Photo : Sci Tech Daily
ဒီနေ့ခေတ်မှာ လူတော်တော်များများက ညနက်တဲ့အထိ ဂိမ်းဆော့တာ၊ ဆိုရှယ်မီဒီယာအသုံးပြုတာ စတာတွေ ပြုလပ်ပြီး အိပ်ချိန်လုံလုံလောက်လောက်မရှိဘဲ အိပ်စက်မှုစက်ဝန်းတွေ ပျက်စီးနေတာ တွေ့ရမှာပါ၊ အကြောင်းအမျိုးမျိုးကြောင့် လုံလောက်စွာ မအိပ်စက်ခြင်းက ဦးနှောက်အတွက် အဆိုးဆုံးအရာများထဲမှ တစ်ခုဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့အခါ သင့်ဦးနှောက်က အနားယူဖို့နဲ့ နေ့စဥ် ပြန်လည်ကောင်းမွန်လာဖို့ မပြုလုပ်နိုင်တော့ပါဘူး။ ၎င်းက မှတ်ဥာဏ်ကျဆင်းခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းနှင့် စိတ်ခံစားချက် ပြောင်းလဲခြင်းကဲ့သို့သော ဆိုးရွားသောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြာလာရင် ကွီးတို့ရဲ့ ဦးနှောက်အတွက်သာမက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေပါလိမ့်မယ်။ ဒါကြောင့် ဦးနှောက်ကို ကျန်းမာစေဖို့ ညတိုင်း ခုနှစ်နာရီ ခန့် အိပ်စက်ပါ။
ဆေးလိပ်သောက်ခြင်း
Photo : NPR
ဆေးလိပ်သောက်ခြင်းက နောက်ထပ် ဦးနှောက်အတွက်သာမက အလုံးစုံသော ကျန်းမာရေးအတွက် ကြောက်စရာကောင်းသော အလေ့အထတစ်လို့ ပြောရမှာပါ။ ဆေးလိပ်သောက်ခြင်းက သွေးကြောများကို ပျက်စီးစေပြီး နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေကာ လေဖြတ်ခြင်းနှင့် မှတ်ဥာဏ်ကျဆင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်နိုင်ခြေ အခြားသူများထက် နှစ်ဆပိုများပါတယ်။ ဒါကြောင့် ကွီးတို့က ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ဖြည်းဖြည်းချင်း ဆေးလိပ်ဖြတ်နိုင်အောင် ကြိုးစားပါ။
လှုပ်ရှားမှု မရှိခြင်း
Photo : NPR
ကွီးတို့ရဲ့ဦးနှောက်ကို ထိခိုက်စေတဲ့ နောက်ထပ် အလေ့အကျင့်တစ်ခုကတော့ လှုပ်ရှားမှုမရှိခြင်းပါပဲ။ ကွီးမှာ အထိုင်များတဲ့ နေထိုင်မှုပုံစံရှိရင် ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ လှုပ်ရှားမှု မရှိဘဲ အထိုင်များခြင်းက အဝလွန်ခြင်း၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါ အပါအဝင် ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြီးတော့ ဒီကျန်းမာရေး ပြဿနာတွေအားလုံးက ဦးနှောက်ကို ပျက်စီးစေပြီး dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း) ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့် ဦးနှောက်သာမက အလုံးစုံ ကျန်းမာချင်ရင် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ တစ်ပတ်ကို သုံးကြိမ် နာရီဝက်လောက် လမ်းလျှောက်ရုံနဲ့ လုံလောက်ပါတယ်။
အမှောင်ထဲမှာ အချိန်ကြာကြာနေခြင်း
Photo : Envato Elements
အမှောင်ထဲမှာ အချိန်အများကြီး ဖြုန်းရင် ဦးနှောက်က နေရောင်ခြည်နဲ့ လုံလောက်စွာ ထိတွေ့မှု မရှိပါဘူး။ ၎င်းက စိတ်ကျရောဂါနှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဦးနှောက်ကို ကျန်းမာစေချင်တယ်ဆိုရင်တော့ နေရောင်ခြည် အနည်းငယ်ကို ခံပေးဖို့လိုပါတယ်။
နားကြပ်များကို အချိန်ကြာကြာ အသုံးပြုခြင်း
Photo : Earbuds
အချိန်ကြာကြာ နားကြပ်များကို အသုံးပြုခြင်းက အကြားအာရုံကို ထိခိုက်စေပါတယ်။ အကြားအာရုံ ထိခိုက်ခြင်းက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ နားကြပ်များကို အသုံးပြုရာမှာ တစ်နေ့ကိုနှစ်နာရီထက် မပိုအောင် သတိပြုပါ။
ဒီလို ဦးနှောက်ကို ပျက်စီးစေတဲ့ အလေ့အကျင့်တွေ လုပ်မိနေပါသလား။ ဒါဆိုရင်တော့ အခုချက်ချင်း ရပ်တန့်ပစ်လိုက်ပါ။ ဒီလိုအလေ့အကျင့်တွေကို ရပ်တန့်ပစ်လိုက်ခြင်းဖြင့် အလုံးစုံသော ကျန်းမာရေးကိုလည်း အထောက်အကူပြုစေတာ တွေ့ရပါလိမ့်မယ်။
Source : Premier Neurology
Featured Photo : Norconon