ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဦးနှောက် က အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဦးနှောက်က ကျွန်တော်တို့ရဲ့ တွေးခေါ်မှု၊ မှတ်ဉာဏ်၊ စိတ်ခံစားမှု၊ အထိအတွေ့၊ လှုပ်ရှားမှု၊ အာရုံခံစားမှု၊ အသက်ရှူမှု၊ အပူချိန်၊ ဆာလောင်မှု စသည့်ဖြင့် အလုံးစုံကို ထိန်းချုပ်တဲ့ ရှုတ်ထွေးသော အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ဦးနှောက်ရဲ့ ကျန်းမာရေးကို အလေးထား ဂရုပြုဖို့လိုပါတယ်။ အသက်ကြီးလာလို့ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်နဲ့အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာနိင်ပါတယ်။ ဦးနှောက်စွမ်းအား ကျဆင်းလာပြီဆိုရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာသာမက ဘက်ပေါင်းစုံမှာပါထိခိုက် လာနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာရေးကို ဂရုပြုပြီး ဦးနှောက်စွမ်းအားကို မြင့်တတ်စေဖို့ အထူးဂရုပြုသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဦးနှောက်စွမ်အား နဲ့ ကျန်းမာရေးကို မြှင့်တင်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးပါ

ဦးနှောက်စွမ်းအား

Photo : GQ Middle East

ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းဖို့ဆို လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ လေ့လာမှုများအရ လေ့ကျင့်ခန်းလုပ်ခြင်း က ခန္ဓာကိုယ်ကျန်းမာရေး အတွက်သာမက ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာများအတွက်ပါ များစွာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးရင့်သူတွေမှာတောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပါက မှတ်ဉာဏ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ်မှာ တွေကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ လူငယ်ပင်ဖြစ်ပါစေ၊ လေ့ကျင်ခန်းပုံမှန်ပြုလုပ်ပေးပါ။ အလုံးစုံသော ကျန်းမာရေးကို အထောက်အကူပြုသည်သာမက မှတ်ဉာဏ်နဲ့ တွေးခေါ်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။

အိပ်ရေးဝဝအိပ်ပါ

ဦးနှောက်စွမ်းအား

Photo : The Cold Wire

အိပ်ရေးမဝခြင်းက အာရုံစူးစိုက်မှု လျော့နည်းခြင်းနှင့် မှတ်ဉာဏ်လုပ်ဆောင်မှုကို လျော့ကျစေသည့် အကြီးမားဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းက ဦးနှောက်အတွင်းရှိ ပုံမှန်မဟုတ်သော ပရိုတင်းများကို ရှင်းလင်းစေပြီး မှတ်ဉာဏ်များကို စုစည်းပေးကာ ကွီးတို့ရဲ့ မှတ်ဉာဏ်တစ်ခုလုံးနှင့် ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးသည်ဟု သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဒါ့ကြောင့် ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်ညလျှင် အိပ်ချိန် ၇ နာရီခန့် ရှိသင့်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာတွေကို စားပေးပါ

ဦးနှောက်စွမ်းအား

Photo : Free Malaysia Today

ကွီးတို့ရေ ကျွန်တော်တို့ စားတဲ့ အစားအစာတွေက ကျွန်တော်တို့ရဲ့ ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်သက်ရောက်မှုရှိတယ်ဆိုတာ သိပါသလား။ ကျန်းမာအသက်ရှည်ချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးပေးဖို့လိုပါတယ်။ ဒါ့အပြင် လုပ်ငန်းဆောင်တာများကို သေချာအာရုံစူးစိုက်လုပ်နိုင်ဖို့နဲ့ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ဖို့ ကွီးတို့အာရုံကြောနဲ့ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေကို စားသုံးပေးဖို့လိုပါတယ်။ ဦးနှောက်အတွက် အထောက်အကူပြုတဲ့ အစားအစာ အချို့ကတော့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ အဆီများသောငါး၊ ဘယ်ရီသီး၊ အခွံမာသီး။ သစ်သီးများ၊ ကြက်ဥ စတာတွေပဲ ဖြစ်ပါတယ်။

စစ်တုရင် ကစားပါ

Photo : Unplash

ကျွန်တော်တို့က ဦးနှောက်ကျန်းမာရေးကို အလေ့အကျင့်ကောင်းတွေနဲ့ ထိန်းသိမ်းဖို့လိုသလို ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့ ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ပါတယ်။ ထိုအထဲမှာ စစ်တုရင် ကစားခြင်းကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒီရှေးဟောင်းဂိမ်းက မှတ်ဉာဏ်နဲ့ ဗျူဟာအမြင်အတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေနဲ့အတူ ကွီးတို့ရဲ့ ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီဂိမ်းမှာ ကစားသမားအနေနဲ့ ကိုယ်ရွေ့မဲ့အကွက်အတွက်လည်း စဉ်စားရသလို၊ တစ်ဖက်က ရွေ့လာမယ့် အကွက်အတွက်လည်း ပြန်လည်ချေပနိုင်ဖို့ စဉ်းစားရပါတယ်။ ဒါ့ကြောင့် စစ်တုရင်ကစားသမားများက ဂိမ်းတစ်ခုရဲ့ ရှေ့ဆက်သွားမှုများကို ခွဲခြမ်းစိတ်ဖြာပြီး စစ်တုရင်ဖွဲ့စည်းမှုကို မှန်ကန်စွာအကဲဖြတ်ရန် လိုအပ်ပါတယ်။ ဒီလို စဉ်းစားတွေးခေါ်ရပြီး ဦးနှောက်ကို အလုပ်ပေးခြင်းဖြင့် ဦးနှောက်စွမ်းအား တိုးတက်လာဖို့ ကူညီပေးနိုင်ပါတယ်။

စာဖတ်ပါ

Photo : Hannag Fielding

စာဖတ်ခြင်းကလည်း ကွီးတို့ရဲ့ ဦးနှောက်စွမ်းအားကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတစ်ခုလို့ ဆိုပါတယ်။ ဘယ်လို စာအုပ်မျိုးမဆို အရေးမကြီးပါဘူး၊ အချက်အလက်တွေ စုဆောင်နိုင်ဖို့ ကွီးတို့ဦးနှောက်ကို အလုပ်ပေးလိုက်ပါ။ည ဆိုလိုတဲ့ သဘောကတော့ ဦးနှောက်ကို အသုံးပြုဖို့ပါပဲ။ နောက်တစ်နည်းကတော့ နိုင်ငံခြား ဘာသာစကားတစ်ခုခုကို သင်ယူခြင်းပါပဲ။ ဒီလို လေ့လာသင်ယူမှတ်သားနေခြင်းဖြင့် ကွီးတို့ဦးနှောက်ကို အလုပ်ပေးသလို ဖြစ်ကာ ဦးနှောက်စွမ်းအားကို မြှင့်တတ်လာစေဖို့ အထောက်အကူပြုပါတယ်။

တရားထိုင်ပါ

Photo : Fitness Blender

တရားထိုင်ခြင်းက ရေတိုမှတ်ဉာဏ်ကို ပြန်လည်မှတ်မိနိုင်စေသည့်အပြင် အာရုံပျံ့လွင့်သော အတွေးများကို လျှော့ချခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးကြောင်း သုတေသနပြုချက်များက ဆိုပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ စိတ်နဲ့ ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ တစ်နေ့လျှင် မိနစ် ၂၀ မှ ၃၀ အထိ တရားထိုင်ကြည့်ပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ ဦးနှောက်စွမ်းအားကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ရေရှည်မှာ ဦးနှောက်ကို ကောင်းကောင်း အသုံးချနိုင်ဖို့ ဒီနည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြည့်ပါ။

Source : Peace Health

Featured Photo : Real Business