အနုပညာမျက်စိ ၊ ဖန်တီးနိုင်စွမ်းရှိတဲ့ နှလုံးသား တစ်စုံရှိရင် အမှိုက်ကနေတောင် ရွှေဖြစ်အောင် ပြောင်းလဲလို့ ရတယ်ဆိုတာ ယုံပါသလား။ ဟုတ်ပါတယ် အဓိကကွီးတို့မှာ အနုပညာဆန်ဆန် မြင်နိုင်တဲ့အမြင်နဲ့ ဖန်တီးမှုစွမ်းရည်တွေ ကိန်းအောင်းနေတဲ့ နှလုံးသားလေးပဲ ရှိဖို့လိုတာပါ။ ဒါကို သက်သေပြဖို့ဆိုရင် အိမ်မှာ သုံးပြီးသား အချိုရည်ဘူးခွံ ၊ ဘီယာဘူးခွံတွေကို ရှာလိုက်ပါ။ အမှိုက်ပုံးထဲမှာ စွန့်ပစ်ထားတဲ့ ဘူးခွံလေးတွေကနေ လှပပြီး အသုံးဝင်တဲ့ ပစ္စည်းလေးတွေအဖြစ် အထာကျကျ ဖန်တီးကြည့်လိုက်ရအောင်ပါ။
(၁) ချစ်စရာကောင်းတဲ့ Piggy စုဗူး
Photo : Little Ladoo
အချိုရည်ဘူးခွံ ၊ ဘီယာဘူးခွံတွေကို သုံးပြီး သားသားမီးမီးလေးတွေအတွက် ချစ်စရာကောင်းတဲ့ Piggy စုဗူးလေး ဖန်တီးပေးလို့ ရပါတယ်။ ဘူးခွံရဲ့ ထိပ်နဲ့နောက်ကို သေချာလုံအောင်ပိတ်ပြီး ပန်းရောင်ဆေးလှလှလေး ခြယ်လိုက်ပါ။ ပြီးရင် မျက်လုံး ၊ နှာခေါင်း ၊ နားရွက်လေးတွေတပ်ပြီး ခြေလက်လေးတွေကိုတော့ ဖော့တုံးလေးတွေကို လှီးဖြတ်ပြီး တပ်ဆင်ပေးရပါမယ်။ ဘူးခွံရဲ့ ကိုယ်ထည်မှာ ပိုက်ဆံထည့်ဖို့ အပေါက်လေး ဖောက်လိုက်မယ်ဆိုရင် ချစ်စရာကောင်းတဲ့ Piggy စုဗူးလေး ရပါပြီ။
(၂) အပင်ပန်းအိုး
Photo : Homebnc
အသေးစား အပင်လေးတွေ စိုက်ရတာ ဝါသနာပါတယ်ဆိုရင် အသုံးမလိုတော့တဲ့ အချိုရည်ဘူးခွံ ၊ ဘီယာဘူးခွံတွေနဲ့ အထာကျတဲ့ ပန်းအိုးအမိုက်စားလေးတွေ ကွီးတို့ ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်။ ဘူးခွံတွေရဲ့ ထိပ်ဝကို သေချာဂရုတစိုက် ဖြတ်ပြီး မြေဆီဖြည့်ပေးပါ။ ဘူးခွံလေးတွေကို ကိုယ့်စိတ်ကြိုက် ဆေးရောင်လှလှလေးတွေ ခြယ်သလို့ ရပါတယ်။ ပြီးရင်တော့ ကိုယ်စိုက်မယ့် ပန်းပင်လေးကို သေချာစနစ်တကျ ပန်းအိုးထဲထည့်ပြီး လွယ်လွယ်ကူကူ စိုက်ပျိုးလို့ရပါပြီ။
(၃) ဇွန်း/ခရင်း ထည့်ခွက်
Photo : Lily Ardor
မီးဖိုချောင်သုံး ဇွန်း/ခရင်းတွေကို သေချာစနစ်တကျ ခွဲထားဖို့အတွက်ဆို ဘာမှခေါင်းစားမနေပါနဲ့။ အသုံးပြုပြီးသား အချိုရည်ဘူးခွံ ၊ ဘီယာဘူးခွံတွေကိုသာ ရှာလိုက်ပါ။ ဘူးခွံတွေကို အတွင်းရောအပြင်ပါ သေချာသန့်စင်ပြီး လိုသလိုအလွယ်တကူ ရွေ့ပြောင်းနိုင်ဖို့ လက်ကိုင်တပ်ထားတဲ့ နောက်ခံသစ်သားပြား တစ်ချပ်ပေါ်မှာ ဘူးခွံတွေကိုသေသေချာချာ အစီအရီ သံနဲ့တွဲရိုက်လိုက်ပါ။ ပြီးရင်တော့ ဇွန်းဆိုဇွန်း/ ခရင်းဆိုခရင်း / ဓားဆိုဓား အမှတ်အသား ခေါင်းစဉ်လေးတွေ ရေးထိုးလိုက်မယ်ဆိုရင် အထာကျတဲ့ ဇွန်း/ခရင်း ထည့်ခွက်လေး ရသွားပြီ ဖြစ်ပါတယ်။
(၄) ခြင်ဆေးခွက်
Photo : Pinterest
အချိုရည်ဘူး ၊ ဘီယာဘူးခွံတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်မယ့်အစား ချစ်စရာကောင်းတဲ့ ခြင်ဆေးထွန်းခွက်လေးတွေ ဖန်တီးလို့ ရတယ်ဆိုတာ သိပြီးပြီလား။ ဟုတ်ပါတယ် အချိုရည်ဘူး ၊ ဘီယာဘူးခွံတွေကို ကိုယ့်စိတ်ကြိုက် ဆေးရောင်လေးတွေ ခြယ်သပြီး ခြင်ဆေးခွေထွန်းတဲ့ သတ္တုအထိုင်လေးကို ဘူးခွံပေါ်မှာ ကော်နဲ့သေချာ ကပ်လိုက်ပါ။ ဒါဆိုရင်တော့ ခြင်ဆေး ပြာမှုန့်တွေလည်း ကြမ်းပြင်ပေါ် ပေပွမနေတော့ပဲ အထာကျကျ ထွန်းလို့ရတဲ့ ခြင်ဆေးခွက်လေးတွေ ရပြီဖြစ်ပါတယ်။
ကွီးတို့ရဲ့ အနုပညာမျက်စိ ၊ ဖန်တီးနိုင်စွမ်းရှိတဲ့ နှလုံးသား တစ်စုံကို အသုံးချပြီး အခုပြောပြခဲ့တဲ့ အမိုက်စား DIY ပရော့ဂျက် အိုင်ဒီယာလေးတွေကို ဖန်တီးကြည့်လိုက်ပါ။
Featured Photo : iStock