မနေ့ကပဲ ခေါင်းလျှော်ပြီးတယ်၊ ဘာဆီမှ မလိမ်းကျံထားပါဘဲနဲ့ ဆံကေသာ တစ်ခုလုံးက အဆီပြန်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဦးရေပြား က ပုံမှန်ထက် လွန်ကဲပြီး အဆီပြန် နေတဲ့အတွက် စိုးရိမ် စရာပါပဲ။
ဘာ့ကြောင့် ကွီးတို့ ဦးရေပြားက ပုံမှန်ထက် လွန်ကဲပြီး အဆီပြန်နေရသလဲဆိုတာ ကွီးတို့ သိပါသလား။
မျိုးရိုးကြောင့်
မျိုးရိုးကြောင့်လည်း ကွီးတို့ ဦးရေပြားက အဆီပြန်တတ်ပါတယ်။ ကွီးတို့ ဆံကေသာ အုံထူခြင်း၊ အုံပါးခြင်း၊ ဆံပင်အရောင်၊ ဆံကေသာ အမျိုးအစား စတာတွေ အကုန်လုံးက ကွီးတို့ မျိုးရိုးနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကွီးတို့ မျိုးရိုးက ဦးရေပြား အဆီပြန်နေရင် ကွီးတို့ ဆံကေသာကလည်း အဆီပြန်နိုင်ခြေ ပိုများပါတယ်။
လိုအပ်သည်ထက် ပိုပြီး ခေါင်းလျှော်နေလို့
တစ်ပတ်လျှင် နှစ်ကြိမ် (သို့) သုံးကြိမ်ထက် ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။ နေ့စဥ် ရက်ဆက် ခေါင်းလျှော်ခြင်းက ကွီးတို့ ဦးရေပြားပေါ်က သဘာဝ အဆီကို ပျက်စီးသွားစေပြီး ဆံပင် မွှေးညှင်းပေါက်လေးတွေကို ပျက်စီးသွားစေနိုင်ပါတယ်။ အဆီဂလင်းက ပျက်စီးသွားတဲ့အတွက်ကြောင့် အဆီ အလွန်အကျွံ ထုတ်ရတဲ့အတွက် ဦးရေပြား အဆီပြန်ရခြင်း ဖြစ်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ အလေ့အကျင့် အချို့ကြောင့်
ကွီးတို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး ဆိုင်ရာ အလေ့အကျင့်ဆိုးများကလည်း ကွီးတို့ရဲ့ ဦးရေပြားကို အဆီပြန်စေပါတယ်။ ဥပမာဆိုရသော် ဆံပင်ကို မကြာခဏ ထိတွေ့ကိုင်တွယ်နေတာမျိုး၊ မကြာခဏ ဆိုသလို ခေါင်းဖြီးနေတာမျိုး၊ ညစ်ပစ်ပေရေတဲ့ ဆံကေသာ အသုံးအဆောင် ပစ္စည်းများကို အသုံးပြုတာမျိုး အစရှိတာတွေကလည်း ကွီးတို့ ဦးရေပြားကို အဆီပိုပြန်စေပါတယ်။
ထိုအချက်များအပြင် ကွီးတို့ စားသုံးတဲ့ အစားအစာ စားသောက်မှု နည်းစနစ်၊ စိတ်ဖိစီးမှုများ၊ ဟော်မုန်း အပြောင်းအလဲ၊ သောက်သုံးနေရတဲ့ ဆေးဝါးများ၊ မမှန်ကန်တဲ့ ဆံကေသာ ထုတ်ကုန် ပစ္စည်းများကို အသုံးပြုမိတဲ့အခါမျိုးတွေကြောင့်လည်း ဆံကေသာက အဆီပြန်တတ်ပါသေးတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဦးရေပြား အဆီပြန် တဲ့အခါ အရမ်းကြီးလည်း စိုးရိမ် စိတ် မလွန်ကဲပါနဲ့။ အခုဖော်ပြမယ့် နည်းလမ်းကောင်းများနဲ့ ပြန်လည် ကုသနိုင်ပါတယ်။
ကုသနည်းများ
ကိုယ့်ဆံကေသာနဲ့ သင့်တော်မယ့် ခေါင်းလျှော်ရည်၊ Conditioner နှင့် ပေါင်းဆေးများကို သေချာ ရွေးချယ်ပါ။
အလွန်အကျွံ ခေါင်းမလျှော်ပါနဲ့။
အဆီ၊ အငန်၊ အချို၊ အဆိမ့် လွန်ကဲသော အစားအစာများကို ရှောင်ကြဥ်ပါ။
ဆံကေသာကို မလိုအပ်ပါနဲ့ အပူနဲ့ မထိပါစေနဲ့။ ကွီးတို့ ဆံကေသာက တိုတယ်ဆိုရင် ဆံပင်လေမှုတ်စက်တောင် မလိုပါဘူး။
ဆံကေသာ ဖြီးတဲ့ ဘီးတွေကိုလည်း သေချာ သန့်ရှင်းရေး ပြုလုပ်ပါ။
ဘယ်လို ခေါင်းလျှော်ရည်များကို ရွေးချယ်သင့်သလဲ
ကွီးတို့ ခေါင်းလျှော်ရည်က ဘယ်အမျိုးအစားကို ဦးစားပေးသလဲဆိုတာကို သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်ရည်ထဲမှာ ဘာပါဝင်ပစ္စည်းတွေ ပါသလဲဆိုတာကို သေချာ လေ့လာထားပါ။ ဗီတာမင် အီး၊ Salicylic Acid နဲ့ ရှားစောင်းလက်ပတ်တို့ကတော့ အဆီပြန်တဲ့ ဦးရေပြားအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းများပါပဲ။
ဗီတာမင် အီးက ယားယံခြင်းနှင့် ရောင်ရမ်းခြင်းကို လျော့ချပေးပြီး Salicylic Acid ကတော့ ချွေးပေါက်များ ပိတ်ခြင်းမှ ဖယ်ရှားပေးပြီး ဆဲလ်သေများကိုလည်း ဖယ်ရှားပေးပါတယ်။ ရှားစောင်းလက်ပတ်ကတော့ ဦးရေပြားကို ရေဓာတ် ဖြည့်တင်းပေးပြီး အဆီမပြန်အောင် ဦးရေပြား ကျန်းမာနေအောင် ကူညီပေးပါတယ်။
ကွီးတို့ရဲ့ အဆီပြန်တဲ့ ဆံကေသာကို ဒီနည်းလမ်းများနဲ့ ဖယ်ရှားဖို့ အဆင်သင့်ပဲလား။
Source: Livingproof.com
Featured Image: Mensciencemagazine