လူတစ်ယောက်မှာ စိတ်က အရာရာပါ။ စိတ်ရဲ့စွမ်းအားဟာ အတော်လေး အားကြီးပါတယ်။ စိတ်မကြည်ရင် လူက ဘာမှမလုပ်ချင်သလို ၊ တက်ကြွမှုလည်း မရှိတော့ပါဘူး။ တစ်နေ့တာ အတွင်းမှာ စိတ်ညစ်ညူးစရာ ၊ စိတ်ရှုပ်စရာ အကြောင်းအရာတွေက ဘက်ပေါင်းစုံက ဝင်လာတက်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့ စိတ်ကို အကောင်းဆုံး အလှည့်အပြောင်းဖြစ်စေဖို့ လုပ်နိုင်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ၁၅ မိနစ်အတွင်းမှာ စိတ်ခံစားမှု ပိုကောင်းစေဖို့ နည်းလမ်း တချို့ကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို စကားပြောပါ
Photo : Live Bold and Bloom
အပြုသဘောဆောင်တဲ့ စကားတွေနဲ့ မိမိကိုယ်ကို စကားပြောပေးတာဟာ စိတ်ရှုပ်ထွေးစရာ အခြေအနေကို တွန်းလှန်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ကွီးတို့ စိတ်ရှုပ်စရာကိစ္စတစ်ခုခု ကြုံရပြီဆိုရင် မှန်ရှေ့မှာ ရပ်လိုက်ပါ။ ” ဒီအခြေအနေကို ငါကောင်းကောင်း Handle လုပ်နိုင်တယ် ” ၊ ” ကျော်ဖြတ်နိုင်တယ် ” ၊ ” ပြုပြင်လို့ရတယ် ” စသည်ဖြင့် အကောင်းဘက်ကို အားသာတဲ့ စကားလုံးတွေ ကိုယ့်ကိုယ်ကို ပြောပေးပါ။ ဒီနည်းဟာ စိတ်ရဲ့ စွမ်းအားကို မြှင့်တင်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
(၂) ကျေးဇူးတင်စရာ အကြောင်းအရာတချို့ ချရေးပါ
Photo : Chicago Tribune
လေ့လာမှုတွေအရ ကျေးဇူးတင်တက်တဲ့ အလေ့အကျင့်ဟာ စိတ်ခံစားမှုကို များစွာကောင်းမွန်စေဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ကိုယ့်ဘဝအတွက် ကူညီပေးခဲ့သူတွေ ၊ ပံ့ပိုးမှုတစ်ခုခု လုပ်ဆောင်ပေးခဲ့ ဖူးသူတွေ ၊ အကူအညီ တစ်စုံတစ်ရာ ရခဲ့ဖူးသူတွေကို ကျေးဇူးတင်ကြောင်း စာရွက်တစ်ခုမှာ ချရေးလိုက်ပါ။ ဒီလိုလုပ်တာက ကိုယ့်အတွက်ကို ကျေးဇူးတင်တတ်ဖို့ လေ့ကျင့်ပေးရာရောက်သလို မိနစ်အနည်းငယ်အတွင်းမှာ စိတ်ကြည်လင်လန်းဆန်းမှုကို ရစေမှာ ဖြစ်ပါတယ်။
(၃) ပွေ့ဖက်ပါ
Photo : Unsplash
ပွေ့ဖက်ခြင်းဟာ သက်ရှိတွေကြားက နွေးထွေးမှုနဲ့ အကြင်နာတရားကို ပြသတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်လိုက်ချိန်မှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို လျော့ကျသွားစေပြီး လုံခြုံမှုနဲ့ နွေးထွေးမှုကို ခံစားရစေပါတယ်။ ဒါ့အပြင် ပွေ့ဖက်ခြင်းက ကိုယ်ခံအားစနစ်ကိုလည်း အထောက်အကူဖြစ်စေတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။ ဒါကြောင့် စိတ်ရှုပ်ထွေးချိန် ၊ စိတ်မကြည်လင်တဲ့အချိန်တွေမှာ မိသားစု ၊ သူငယ်ချင်း ၊ ချစ်ရသူတွေနဲ့ ပွေ့ဖက်လိုက်ပါ။
(၄) အသေးအမွှား ကိစ္စတစ်ခု လုပ်ဆောင်ပါ
Photo : Live Science
အသေးအမွှား ကိစ္စတစ်ခုခုကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ခြင်းကနေ ရရှိလာတဲ့ ကျေနပ်မှုဟာ စိတ်ဖိစီးမှုတွေကို ရပ်တန့်စေပြီး ပြဿနာတွေကို ပိုမိုကိုင်တွယ်ဖြေရှင်းဖို့ အရှိန်အဟုန်ကို ပေးစွမ်းနိုင်ပါတယ်။ ဥပမာ ရှုပ်ပွနေတဲ့ အလုပ်စားပွဲကို နေရာတကျ ရှင်းလင်းလိုက်တာ ၊ ပျက်နေတဲ့ မီးလုံးကို အသစ်လဲလိုက်တာ စသည်ဖြင့် သေးသေးမွှားမွှားလုပ်ဆောင်လို့ရတဲ့ အရာလေးတွေ လုပ်ကြည့်ပါ။ စိတ်ခံစားမှု ပိုကောင်းလာပါလိမ့်မယ်။
Featured Photo : Love Connection