နည်းပညာ ထုတ်ကုန်တွေထဲမှာ ဝင်ငွေအကြမ်းဆုံး နဲ့ အလားအလာ အများဆုံး ဈေးကွက်တစ်ခုကတော့ မိုဘိုင်းလ် ဂိမ်း ဈေးကွက်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၁ မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လုပ်ငန်းကိုင်ငန်းတွေ အကြပ်အတည်းဆိုက်ခဲ့ပြီး တချို့ လုပ်ငန်းတွေ ဖျက်သိမ်းလောက်ရတဲ့အထိ အခြေအနေတွေ ဆိုးဝါးခဲ့ပေမယ့် မိုဘိုင်းလ် ဂိမ်း စီးပွားရေးကတော့ တစ်နှစ်ထက် တစ်နှစ် တက်သထက် တက်လာခဲ့တာ တွေ့ရပါတယ်။

ဂိမ်း စီးပွားရေးဟာ လူမှုကွန်ရက် Social Media တွေလိုပဲ အင်အားကြီးပြီး သုံးစွဲသူ User Base သိပ်မြင့်လွန်းတဲ့ စီးပွားရေးထဲမှာ ပါတယ်။ ခေတ်အဆက်ဆက် ဖျော်ဖြေရေးပုံစံတွေထဲမှာ အခုခေတ်ဟာ အဆန်းကြယ်ဆုံး ဖျော်ဖြေရေးနယ်ပယ်ထဲ တိုးဝင်လာနေပြီလို့ ဆိုနိုင်ပါတယ်။ မိုဘိုင်းလ် ဂိမ်း နဲ့ တခြား eSports ပိုင်းဆိုင်ရာ အလားအလာတွေက အင်အားကြီးလာပြီး နောင်လာမယ့် Metaverse လို ပုံရိပ်ယောင်လောကထဲ ပေါင်းသင်း ဆက်ဆံ လှုပ်ရှား လည်ပတ်ရမယ့် ခေတ်မှာလည်း ဂိမ်းတွေဟာ အသွင်သစ်နဲ့ လူတွေရဲ့ ဘဝထဲ ဝင်ရောက်လာဦးမှာပါပဲ။

pubg-mobile

Photo : Sensor Tower

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မိုဘိုင်းလ် အက်ပလီကေးရှင်းဈေးကွက် သုတေသနကို လေ့လာကြည့်မယ်ဆိုရင် Apple App Store နဲ့ Google Play Store ပလက်ဖောင်းနှစ်ခုလုံးဟာ App ဝင်ငွေရဲ့ ၇၁ ရာခိုင်နှုန်းကို ဂိမ်း Apps တွေကနေ ရနေတယ်လို့တောင် ဖော်ပြထားပါတယ်။ ဂိမ်း တွေဟာ ငွေသိပ်ဝင်တဲ့ စီးပွားရေးစီးကြောင်းတစ်ခု ဖြစ်နေပြီး ဂိမ်း အတွင်း In – App Purchase ဝယ်ယူမှုဟာ ပိုလို့တောင် မြင့်မားလာတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာတင် မိုဘိုင်းလ် ဂိမ်း ကနေ ဝင်ငွေ ဒေါ်လာ ၁ ဘီလျံနဲ့ အထက် ရတဲ့ Game App ၈ ခုအထိ ရှိတယ်လို့ Sensor Tower ဈေးကွက် လေ့လာရေးလုပ်ငန်းက ဖော်ပြပါတယ်။ Sensor Tower ဟာ ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အတွင်း App Store နဲ့ Google Play Store တို့ပေါ်ကနေ ရတဲ့ ဝင်ငွေကို ထည့်တွက်ပြီး ဖော်ပြတာ ဖြစ်ပါတယ်။

Sensor Tower ရဲ့ လေ့လာချက်အရ PUBG Mobile နဲ့ Honor Of Kings ဂိမ်းတွေဟာ ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံး မိုဘိုင်းလ်ဂိမ်း  App တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Tencent ပိုင် Game တွေ ဖြစ်တဲ့ PUBG Mobile နဲ့ Honor Of Kings တို့ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၂.၈ ဘီလျံစီ ဝင်ငွေ ရခဲ့ပြီး နှစ်အလိုက် ဖွံ့ဖြိုးမှု ၉ % နဲ့ ၁၄ % စီ ရှိထားတယ်လို့ ဆိုပါတယ်။

တတိယမြောက် ဝင်ငွေအမြင့်ဆုံး ဂိမ်း App ကတော့ Mihoyo က ထုတ်ထားတဲ့ Genshin Impact ဂိမ်း ဖြစ်ပြီး ၂၀၂၁ ခုနှစ်ထဲမှာ ဒေါ်လာ ၁.၈ ဘီလျံကျော် ရှာဖွေနိုင်ခဲ့ပါတယ်။ ၂၀၂၀ စက်တင်ဘာလထဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ ဒီဂိမ်းဟာ အခုထိ Mobile Devices တွေ ပေါ်မှာတင် ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၂.၄ ဘီလျံအထိ ရှိလာပြီလို့ ဆိုပါတယ်။

top-mobile-games-by-worldwide-revenue-jan-dec-2021
Photo : Sensor Tower

စတုတ္ထ ဝင်ငွေအမြင့်ဆုံး Game App အဖြစ် Sensor Tower က ဖော်ပြထားတဲ့ App က Roblox ဖြစ်ပြီး မိုဘိုင်းလ် ထုတ်ကုန်တွေပေါ်ကနေ ကစားသူတွေဆီက ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၁.၃ ဘီလျံအထိ ရှိနေပါတယ်။ ဒါဟာ အရင်နှစ်ကထက် ဝင်ငွေရလဒ် တိုးတက်မှု ၂၀.၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒေါ်လာ ၁ ဘီလျံနဲ့ အထက် ဝင်ငွေရတဲ့ တခြား Mobile Game App ၄ ခုကတော့ Coin Master ( ဒေါ်လာ ၁.၃ ဘီလျံ) ၊ Pokemon Go ( ဒေါ်လာ ၁.၂ ဘီလျံ ) ၊ Candy Crush ( ဒေါ်လာ ၁.၂ ဘီလျံ ) နဲ့ Free Fire ( ဒေါ်လာ ၁.၁ ဘီလျံ) တို့ ဖြစ်တယ်လို့လည်း Sensor Tower က ဖော်ပြပါတယ်။

မိုဘိုင်းလ် ဂိမ်း အပေါ် ငွေသုံးစွဲမှု အမြင့်ဆုံး နိုင်ငံတွေကတော့ တရုတ် ၊ ဂျပန် နဲ့ အမေရိကန်တို့ ဖြစ်ပြီး မိုဘိုင်းလ် သုံးစွဲသူ အများဆုံးက တရုတ်ဖြစ်ပေမယ့် လူတစ်ဦးချင်းအလိုက် ဂိမ်း ပေါ် ငွေအများဆုံး သုံးတာက ဂျပန်နိုင်ငံ ဖြစ်တယ်လို့လည်း သိရပါတယ်။

Featured Photo : front office sports