သီချင်း တွေက ငြီးငွေ့နေတဲ့သူ ပျော်အောင် ၊ စိတ်ဓါတ်ကျနေသူကို စိတ်ခွန်အားတက်အောင် စွမ်းဆောင်နိုင်ပါတယ်။ ဘာမှလုပ်ချင်စိတ်မရှိတဲ့အခါ လုပ်ဖို့ အကောင်းဆုံးအရာက ကိုယ်အကြိုက်ဆုံး စာတစ်အုပ်ကို အေးအေးလူလူဖတ်တာနဲ့ ကိုယ်သဘောကျတဲ့ သီချင်း လေးတွေ နားထောင်ဖို့ပါပဲ။
Photo : Freepik
အခက်အခဲဆုံးအချိန်တွေမှာ စိတ်ခွန်အားရတဲ့သီချင်းလေးတွေ နားထောင်တာကလည်း ဆေးတစ်မျိုးပါပဲ။ ကိုဗစ်ကပ်ဘေးအတွင်း စိတ်ဖိစီးတွေ ၊ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ကွီးတို့အတွက် စိတ်ဓါတ်အင်အားဖြစ်စေမယ့် သီချင်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) Golden
Golden က အမေရိကန် Soul နဲ့ R&B အဆိုတော် Jill Scott ရဲ့ Beautifully Humans: Words and Sounds Vol.2 အယ်လ်ဘမ်ထဲက သီချင်းပါ။ ဒီသီချင်းက UK Singles Chart ရဲ့ လူကြိုက်အများဆုံးသီချင်းတွေထဲမှာ အဆင့် ၅၉ ချိတ်ခဲ့ပါတယ်။ ဒီသီချင်းက ၂၀၀၈ ခုနှစ် Grand Theft Auto IV ဂိမ်းနဲ့ သီချင်းထဲမှာလည်း ပါခဲ့သလို နာမည်ကျော် ရုပ်ရှင်တွေ ဖြစ်တဲ့ Beauty Shop (2005) ၊ Obsessed (2009) နဲ့ What Men Want (2019) ရုပ်ရှင်တွေမှာလည်း နောက်ခံတေးအနေနဲ့ ပါဝင်ခဲ့ပါတယ်။
(၂) Heat Seeker
Alt-Pop-Rock အဆိုအဖွဲ့တစ်ခုဖြစ်တဲ့ Dreamers နဲ့ Grandson တို့ ပူးတွဲသီဆိုထားတဲ့သီချင်း ဖြစ်ပြီး ဒီသီချင်းဟာ ဘဝကို မှန်ကန်တဲ့လမ်းကနေ ဖြတ်သန်းဖို့ ကြိုးစားပြီး လမ်းရှာနေတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့ လမ်းတွေမှာ ကိုယ့်ဘဝကို ပြန်ရှာရတဲ့အခါ ဘယ်ဟာက ပိုကောင်းတဲ့လမ်းပါလဲ။ Heat Seeker ထဲမှာ “ငါတစ်ညလုံး ရှာနေခဲ့တယ်။ ငါအမှန်တရား ရှာချင်တယ်” ဆိုတဲ့ စာသားတွေက ကိုယ့်ဘဝကိုယ် ပြန်ရှာသူတို့ရဲ့ အော်သံကို ခေါ်နေသလိုပါပဲ။
(၃) Greatest Enemy
The Strumbellas အဖွဲ့ဟာ သူတို့ကိုယ်သူတို့ Alternative Country နဲ့ Gothic-Folk လို့ Level တပ်ထားတာပါ။ Greatest Enemy ထဲက စာသားတွေက ပြင်းရှလှပါတယ်။ “Oh-oh, oh-oh, oh-oh, oh-oh I know I’ll always be my greatest enemy” ဆိုတဲ့ စာသားတွေက သီချင်းနားထောင်သူတွေရဲ့ ရင်ကို ဘောင်ဘင်ခတ်စေမှာ အမှန်ပါပဲ။
(၄) Run Wild
Thutmose နဲ့ NoMBe တို့ သီဆိုထားတဲ့ Fifa 19 Theme Song သစ် Run Wild က သင့်ရဲ့ စိတ်ကို အားကစားသမားတစ်ယောက်လို ထက်သန်တက်ကြွ ဖျတ်လတ်ရွှင်လန်းစေမှာပါ။ ဘဝရဲ့ အကန့်အသတ်တွေကို ချိုးဖျက်ဖို့ ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေ ရှိရှိ ရင်ဆိုင်ရဲတဲ့သတ္တိကို ဒီသီချင်းက ယူဆောင်လာပါလိမ့်မယ်။
(၅) Opportunities
Opportunities (Let’s Make Lots of Money) သီချင်းကို Pet Shop Boys နဲ့အဖွဲ့က သီဆိုထားပါတယ်။ “အခွင့်အရေးတွေအများကြီး ရှိနေတာ မင်းသိသားပဲ။ မရှိရင်လည်း မင်းကိုယ်တိုင် ဖန်တီးနိုင်တယ်”တဲ့။ နှစ်သစ်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုသစ်နဲ့ နားထောင်ဖို့ အကောင်းဆုံး သီချင်းပါပဲ။
Featured Photo: LifeHack