အိပ်စက်အနားယူခြင်း က လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ သာမာန်လူတစ်ယောက်အတွက် တစ်နေ့လျှင် အိပ်စက်အနားယူချိန် ၇ နာရီကနေ ၈ နာရီခန့်ရှိသင့်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းစေကာ အလုံးစုံသော ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။ သို့သော်လည်း ယနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် တော်တော်နဲ့ အိပ်မပျော်တာ၊ အိပ်ပျော်ဖို့အတွက် ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှုတွေ၊ အတွေးလွန်ခြင်းတွေနဲ့ စိုးရိမ်ပူပန်ခြင်းတွေကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ခြင်း မရှိတာက ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ၂ မိနစ်အတွင်း အိပ်ပျော်စေဖို့ အထောက်အကူပြုနိုင်တဲ့ နည်းလေးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
အချိန်မရွေး၊ နေရာမရွေး မြန်မြန်ဆန်ဆန် အိပ်ပျော်ဖို့အတွက်ဆိုရင် ဒီနည်းလေးကို လေ့ကျင့်ထားသင့်တယ်လို့ ဆိုပါတယ်။ ဒီနည်းပညာကို ၁၉၈၁ ခုနှစ်တွင်ထုတ်ဝေသော Lloyd Bud Winter မှ Relax and Win: Championship Performance စာအုပ်မှာ ပထမဆုံး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
Photo : Sleep Foundation
ဒီနည်းလမ်းလေးကတော့ ပထမဦးစွာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထားပြီးကာ ခေါင်းကနေ ခြေဖျားအထိ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီကို သက်တောင့်သက်သာပုံစံဖြင့် လှဲလျောင်းလိုက်ပါ။ ပြီးလျှင် နဖူးမှာရှိတဲ့ ကြွက်သားတွကို ပြေလျော့စေလိုက်ပါ။ မျက်လုံးတွေ၊ ပါးတွေ၊ မေးရိုးတွေကို တစ်ဆင့်ချင်း ဖြေလျှော့ပြီး အသက်ရှုတာကို အာရုံစိုက်လိုက်ပါ။ ပြီးလျှင် လည်ပင်းနဲ့ ပခုံးတွေကိုလည်း ပြေလျော့စေပါ။ အထူးသဖြင့် ပခုံးတွေကို တင်းမာမနေစေဘဲ လက်ချောင်းတွေအပါအဝင် လက်နှစ်ဖက်ကိုလည်း အတတ်နိုင်ဆုံး ဖြေလျော့ထားလိုက်ပါ။ ထို့နောက် အသက်ပြင်းပြင်းရှုသွင်းပြီး ရင်ဘတ်၊ ဗိုက်၊ ပေါင်၊ ဒူး၊ ခြေထောက်နဲ့ ခြေဖဝါးတွေကို ဖြေလျှော့ပါ။ ဒီလို တစ်ကိုယ်လုံးကို ဖြေလျော့လိုက်ခြင်းဖြင့် နွေးထွေးမှုနဲ့ သက်တောင့်သက်သာ ဖြစ်မှုကို ခံစားရစေပြီး ခန္ဓာကိုယ်ကို တည်ငြိမ်စေပါတယ်။
ခန္ဓာကိုယ်ကို တည်ငြိမ်ပြီး သက်တောင့်သက်သာဖြစ်စေပြီးလျှင် စိတ်ကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။ ဘယ်လောက်ပဲ ခန္ဓာကိုယ်က တည်ငြိမ်နေပါစေ၊ စိတ်မှာ သက်တောင့်သက်သာမရှိရင် မြန်မြန်နဲ့ ကောင်းစွာအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေကို အိပ်ချိန်မှာ အတတ်နိုင်ဆုံး ဖြေလျော့ပြီး စိတ်ကို ရှင်းရှင်းထားပါ။ ဒီလို အိပ်ပျော်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဝင်လာသမျှ အတွေးတွေကို ဖယ်ထုတ်ပါ။ “ဘာမှ မတွေးနဲ့လို့” ကိုယ့်ကိုယ်ကို ၁၀ စက္ကန့်ခန့် ပြောပေးပါ။ ဒီလို ခန္ဓာကိုယ်ရော စိတ်ရောတည်ငြိမ်လာပြီးရင် မြန်မြန်ဆန်ဆန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါလိမ့်မယ်။
Photo : Better Up
ဒီနည်းလမ်းကို ညတိုင်း ခြောက်ပတ်ကြာ လေ့ကျင့်ပါက မျက်လုံးမှိတ်ပြီး ၂ မိနစ်အတွင်း အိပ်ပျော်နိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဒီနည်းပညာအတွက် သိပ္ပံနည်းကျ လေ့လာမှုတွေမရှိသေးသော်လည်း ညဘက်မှာ ကောင်းကောင်းအနားယူဖို့ ခေါင်းကို ကြည်လင်စေတဲ့ ညဘက် တရားအားထုတ်မှုတစ်ခုနဲ့ ဆင်တူတယ်လို့ ဆိုထားပါတယ်။ ညဘက်မှာ တော်တော်နဲ့ အိပ်မပျော်ဘူးဆိုတဲ့ ကွီးတို့ ဒီနည်းလေးကို စမ်းကြည့်နိုင်ပါတယ်။
Source : Men’s Health
Featured Photo : Newsweek