Apple ကနေ iPhone 16 Series ကြေညာပြီး မကြာခင်မှာပဲ Huawei ကနေ ၃ ခေါက်ချိုး Tri-Fold ဒီဇိုင်းနဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း Mate XT Ultimate ကို မိတ်ဆက်သွားခဲ့ပါတယ်။ Mate XT Ultimate ဖုန်းဟာ ၃ ခေါက်ချိုးအပြည့် ဖြန့်ချလိုက်ရင် မျက်နှာပြင် ထောင့်ဖြတ်အတိုင်းအတာ ၁၀.၂ လက်မခန့် ရှိပါတယ်။ ဒုတိယတဖြတ် ခေါက်ထားမယ်ဆိုရင်တော့ ၇.၉ လက်မရှိပြီး မျက်နှာပြင် ၃ ဖက်လုံးကို ခေါက်ထားတဲ့အခါမှာ ၆.၄ လက်မ အရွယ်အစား ရှိမှာ ဖြစ်ပါတယ်။

Huawei Mate XT Ultimate

Photo : GSMArena.com

Mate XT Ultimate ဖုန်းဟာ ၃ ခေါက်ချိုးပုံစံနဲ့ အနည်းငယ် ရှုပ်ထွေးတယ်လို့ ထင်ရတဲ့ ဒီဇိုင်းနဲ့ လာပေမယ့် ဖုန်းရဲ့အထူကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင် ၃.၆ မီလီမီတာ သာရှိပြီး အလေးချိန်အားဖြင့်လည်း ၂၉၈ ဂရမ်ပဲ ရှိပါတယ်။

မျက်နှာပြင်ဟာဆိုရင် 120 Hz Refresh Rate နဲ့ 10 Billion Colors ထောက်ပံ့ပေးထားတဲ့ Flexible LTPO OLED Display ကို တပ်ဆင်ပေးထားပါတယ်။ Huawei ကတော့ ၎င်းတို့ရဲ့ Display ကို 2K (QHD) နဲ့ 4K ကြား ကြားချထားပြီး “3K” မျက်နှာပြင်လို့ နာမည်ပေးထားပါတယ်။ မျက်နှာပြင်ဟာ ၉၂ ရာခိုင်နှုန်း Screen-To-Body Ratio ရှိပြီး အပြည့်ဖြန့်ထားတဲ့အခါ ၁၀.၂ လက်မ Display ဟာ 16:11 Aspect Ratio ကို ပိုင်ဆိုင်ထားပါတယ်။

ကင်မရာတွေအနေနဲ့လည်း တော်တော်လေး ကြမ်းပြီး ကျောဘက်မှာ PDAF နဲ့ OIS ပါတဲ့ 50 MP Main ကင်မရာနဲ့အတူ 5.5x Optical Zoom ရတဲ့ 12 MP Telephoto Lens ၊ 12 MP Ultra-Wide-Angle ကင်မရာနဲ့ Laser Autofocus Module တို့ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက် မျက်နှာပြင်မှာတော့ 8 MP Selfie ကင်မရာ ၁ လုံးထည့်သွင်းပေးထားပါတယ်။

Huawei Mate XT Ultimate

Photo : GSMArena.com

Huawei ကတော့ Mate XT Ultimate ရဲ့ Single-Screen Mode ဟာ ဖုန်းပြောတာ ၊ ဆိုရှယ်မီဒီယာသုံးတာတွေလို Daily Tasks အတွက် သင့်လျော်တယ်လို့ ဆိုထားပြီး ၊ တဆင့်ဖြန့်ထားတဲ့ Dual-Screen Mode ကတော့ Web Browsing လုပ်တာ ၊ စာဖတ်တာတွေအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးထားကာ အပြည့်ဖြန့်ထားတဲ့ မျက်နှာပြင် အနေအထားကတော့ အလုပ်လုပ်တာ ၊ စာလေ့လာတာတွေအတွက် အထူးသင့်လျော်တယ်လို့ ဆိုထားပါတယ်။ မျက်နှာပြင်အရွယ်အစား ကြီးမားကျယ်ပြန့်တဲ့အတွက် အလုပ်အတွက်ဖြစ်စေ ၊ ဗီဒီယိုတွေကနေတဆင့် လေ့လာမှုတွေလုပ်ဆောင်တာဖြစ်စေ ၊ ဖျော်ဖြေရေးကဏ္ဍအတွက် ဖြစ်စေ အေးအေးဆေးဆေး စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

RAM အနေနဲ့တော့ 16GB အသုံးပြုပေးထားပြီး မောင်းနှင်ထားတဲ့ Chipset အမျိုးအစားကိုတော့ Huawei အနေနဲ့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဒီဖုန်းမှာ AI လုပ်ဆောင်ချက်တွေ စုံစုံလင်လင် ပါဝင်မှာဖြစ်ပြီး Xiaoyi Voice Assistant လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Google Services တော့ ရမှာမဟုတ်ပဲ Android Open Source Project (AOSP) အခြေခံပြု HarmonyOS 4.2 ကို အသုံးပြုပေးထားတယ်လို့ သိရပါတယ်။

Mate XT Ultimate ရဲ့ ဘက်ထရီကတော့ Silicone-Carbide Composite Cells ၃ ခုပါဝင်တဲ့ 5,600 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး 66W Wired Charging နဲ့ 50W Wireless Charging စနစ်တွေ ပံ့ပိုးပေးထားပါတယ်။

Huawei Mate XT Ultimate
Photo : GSMArena.com

အရောင်တွေ အနေနဲ့ကတော့ ခမ်းနားတဲ့ ရွှေရောင် အနားသတ်လိုင်းတွေပါတဲ့ ကိုယ်ထည် အနီရောင်နဲ့ အနက်ရောင် ကာလာ ၂ မျိုးနဲ့ ထုတ်ထားပါတယ်။ Mate XT Ultimate ရဲ့ ဈေးကတော့ မျက်လုံးအနည်းငယ်ပြူးရမယ့် ပမဏမှာ ရှိနေပြီး 256 GB ဗားရှင်းအတွက် ယွမ် ၁၉,၉၉ (ဒေါ်လာ ၂,၈၀၀ / ယူရို ၂,၅၅၀) ၊ 512 GB ဗားရှင်းအတွက် ယွမ် ၂၁,၉၉၉ (ဒေါ်လာ ၃,၁၀၀ / ယူရို ၂,၈၅၁၂ ) နဲ့ 1 TB မော်ဒယ်အတွက်ကတော့ ယွမ် ၂၃,၉၉၉ (ဒေါ်လာ ၃,၄၀၀ / ယူရို ၃,၁၀၀) ခန့် သတ်မှတ်ထားပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com