လူငယ်တစ်ယောက် ပိုင်ဆိုင်ချင်တဲ့ ပစ္စည်းအနည်းအကျဉ်းထဲမှာ ဂစ်တာလည်း ပါမယ်ထင်ပါတယ်။ ဂစ်တာတစ်လက်ပိုင်ဆိုင်ဖို့ဆိုတာ နောက်ဆုံးပေါ်ဖုန်းတစ်လုံး ပိုင်ဆိုင်ဖို့လောက်တော့ မခက်ပါဘူး။ ဒါပေမယ့်လည်း သင်စိတ်ကူးလို့ မရအောင် ဈေးကြီးတဲ့ ဂစ်တာတွေလည်း ကမ္ဘာပေါ်မှာ ရှိနေပါတယ်။

(၁) “Reach Out To Asia” Fender Stratocaster

Photo: uberpanache

ကမ္ဘာပေါ်က ဈေးအကြီးဆုံးဂစ်တာတစ်လက်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂.၇ သန်းရှိပါတယ်။ ၂၀၁၅ ခုနှစ်က ရောင်းချခဲ့တဲ့ ဈေးနှုန်းပါ။ ဒီဂစ်တာဟာ ၂၀၀၄ ခုနှစ်က ဖြစ်ခဲ့တဲ့ အိန္ဒိယသမုဒ္ဓရာငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ လူပေါင်း ၂ သိန်း ၃ သောင်းနဲ့ အတိဒုက္ခရောက်ခဲ့ရသူတွေအတွက် ရန်ပုံငွေအဖြစ် လုပ်ခဲ့တဲ့ ဘရိုင်ရန်အဒမ်ရဲ့ Reach Out to Asia ပရောဂျက်ကနေ ထွက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က အကျော်ကြားဆုံး ရော့ခ်စတားတွေရဲ့ လက်မှတ်ရေးထိုးထားတဲ့ ဂစ်တာပါ။ ဒီဂစ်တာပေါ်မှာ ဂျင်မီပေ့ချ် ၊ မစ်ခ်ဂျက်ဂါ ၊ အဲရစ်ကလတ်ပ်တန် ၊ ကိတ်ရစ်ချတ်စ် ၊ ဘရိုင်ယန်မေ ၊ ဒေးဗစ် ဂလီမော် ၊ ဂျက်ဖ်ဘက်ခ် ၊ လီယမ် ဂဲလာဂါး ၊ အဂ္ဂနက်စ် ၊ မဲလ်ကွန်ယန်း နဲ့ ဘရိုင်ယန်အဒမ်တို့ အပါအဝင် အနုပညာရှင်ပေါင်း ၁၉ ဦးရဲ့ လက်မှတ် ပါရှိပါတယ်။Reach Out To Asia ကို ၂၀၁၅ ခုနှစ်က ဆော့သ်ဘီ လေလံရုံမှာ လေလံတင်ခဲ့ပြီး ဒေါ်လာ ၂.၇ သန်းနဲ့ သမိုင်းမှာ ဈေးအကြီးဆုံး ဂစ်တာအဖြစ် ရောင်းထွက်ခဲ့ပါတယ်။

(၂) ဂျွန်လန်နွန် ရဲ့ 1962 Gibson J-160E Acoustic-Electric

Photo: Acoustic

Acoustic ဂစ်တာတွေထဲမှာ ဈေးအကြီးဆုံး ၊ ပိုင်ရှင်ကလည်း ကမ္ဘာ့ထိပ်ထိပ်ကြဲ Rock Band တစ်ခုရဲ့ အဆိုကျော် ဂျွန်လန်နွန် ဖြစ်ပြီး ထူးခြားတာက ၁၉၆၂ ခုနှစ်က လန်ဒန်မှာ ဂျော့ချ် ဟာရစ်ဆန်နဲ့ အတူ ဝယ်ခဲ့တဲ့ Acoustic Guitar တစ်စုံထဲက တစ်ခု ဖြစ်ပါတယ်။ဒီဂစ်တာနဲ့ ပေါလ်မက်ကာတ်နီနဲ့ တွဲပြီး I Saw Her Standing There နဲ့ She Loves You သီချင်းတွေ ‌ရေးသွားခဲ့တာပါ။ ၁၉၆၂ ခုနှစ်က ၁၆၁ ပေါင်ဈေးနဲ့ ဝယ်ခဲ့တဲ့ ဒီဂစ်တာကို ၂၀၁၄ လေလံပွဲတစ်ခုမှာ အမည်မဖော်တဲ့ လေလံဆွဲသူတစ်ဦးက ဒေါ်လာ၂.၄၁ သန်းပေးဝယ်ခဲ့ပါတယ်။

(၃) ဂျင်မီဟန်းဒရစ်ရဲ့ 1968 Fender Stratocaster

Photo: top10lifestyles

အမေရိကန်ရော့ခ် ဂစ်တာအကျော်အမော် ဂျင်မီဟန်းဒရစ်ဒရစ်ဟာ ဒီဂစ်တာနဲ့ 1969 Woodstock ဂီတပွဲတော်မှာ တီးခတ်ခဲ့ပါတယ်။ ဒီပွဲမှာ သူ့ရဲ့ ဂန္ဓဝင်ဖျော်ဖြေမှုဖြစ်တဲ့ The Star-Spangled Banner ကို တီးခတ်သွားခဲ့တာပါ။ ဒီဂစ်တာကို ၁၉၉၈ ခုနှစ်က ဒေါ်လာ ၂ သန်းပေးဝယ်သွားသူက Microsoft ပူးတွဲတည်ထောင်သူ ဘီလျံနာကြီး ပေါလ်အယ်လန်ပဲ ဖြစ်ပါတယ်။

(၄) ဂျယ်ရီဂါစီယာရဲ့ Wolf

Photo: wealthygorilla

ဂျယ်ရီဂါစီယာဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဂစ်တာတွေထဲက နှစ်လက်ကို ပိုင်ဆိုင်ခဲ့သူပါ။ ဒီတစ်ခုကတော့ ဒေါ်လာ ၁.၉ သန်းတန် Wolf ပါ။ နောက်တစ်လက်က Tiger ဖြစ်ပြီး ဒေါ်လာ ၉၅၇၅၀၀ ဈေးနဲ့ ရောင်းချခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ Wolf ကို ဒေါ်လာ ၂ သန်းနီးပါးနဲ့ လေလံတင်ခဲ့ပါတယ်။

(၅) ဘော့ပ်မာလေရဲ့ Washburn 22 Series Hawk

Photo: wealthygorilla

ပဉ္စမမြောက် ဈေးအကြီးဆုံး ဂစ်တာကတော့ ဘော့ပ်မာလေရဲ့ Washburn 22 Series Hawk ဖြစ်ပါတယ်။ ရက်ဂေးဂီတမှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကျော် ဘော့ပ်မာလေရဲ့ ဘဝတစ်လျှောက်မှာ ဂစ်တာ ၇ လက်ပဲ ပိုင်ဆိုင်ခဲ့ပြီး ဒီထဲက တစ်လက်ဖြစ်တဲ့ Washburn 22 Series Hawk ကို သူ့ရဲ့ ဂစ်တာနည်းပညာရှင် ဂယ်ရီကလော့ဆန်ကို လက်ဆောင်ပေးခဲ့ပါတယ်။ကောလာဟလတွေအရ ဂျမိုင်ကာအစိုးရဟာ ဒီဂစ်တာကို အမျိုးသားရတနာတစ်ပါးအဖြစ် ကြေညာပြီး လေလံပွဲမှာ ဒေါ်လာ ၁.၂သန်းကနေ ၂ သန်းအကြား ပေးဝယ်ခဲ့တယ်လို့ ဆိုပါတယ်။