Xiaomi ရဲ့ POCO brand ကနေ AMOLED Display သုံး အလတ်တန်းစား 5G ဖုန်း တစ်လုံးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Poco X4 Pro 5G ဟာ ဆွဲဆောင်မှုရှိတဲ့ Square Edge လေးထောင့်ဘောင်ပြား ၊ ကျောဘက် ဧရာမအကြီးစား ကင်မရာ Module တို့နဲ့ ထွက်လာတာပါ။ တရားဝင် မိတ်မဆက်ခင် ကတည်းက မြင်ခဲ့ရတဲ့ ဒီဇိုင်းမျိုး ဖြစ်ပေမယ့်လည်း တကယ်တမ်း ထွက်လာချိန်မှာ ပိုလို့ ဆွဲဆောင်မှု ရှိတာကို တွေ့ရပါတယ်။

မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မဟာ 1080 x 2400px AMOLED Panel သုံးထားပြီး Touch Sampling Rate ကိုလည်း 360Hz အထိ မြှင့်ထားပါတယ်။ ပုံမှန် တောက်ပမှု အဆင့် 700 nits ကနေ အမြင့်ဆုံး 1200 nits အထိ တင်နိုင်မယ်လို့ ဆိုပါတယ်။ မှန်ပြင်ကိုတော့ အစင်းခြစ်ဒဏ်ခံနိုင်တဲ့ Gorilla Glass 5 မှန် အုပ်ထားပါတယ်။

Poco X4 Pro 5G

Photo : GSMArena

Poco X4 Pro 5G ဟာ Screen ၊ ကင်မရာနဲ့ ဘက်ထရီ ဘက်မှာ အဆင့်မြှင့်တင်မှု လုပ်လာတဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။ နောက်ထပ် ထူးခြားချက်က 5G ချိတ်ဆက်မှု ရတဲ့ 6nm Snapdragon 695 Chipset နဲ့ လာတာပဲ ဖြစ်ပါတယ်။ ဒီ Processor ဟာ အရင်နှစ် X3 Pro မှာ သုံးသွားတဲ့ Snapdragon 690 ထက် CPU စွမ်းဆောင်မှုဘက်မှာ ၁၅% ပို သွက်ပြီး GPU စွမ်းဆောင်ရည်မှာ ၃၀% ပို မြင့်တယ်လို့ ဆိုပါတယ်။

RAM နဲ့ Storage ဘက်မှာ 6/128 GB ဗားရှင်းနဲ့ 8/256 GB မော်ဒယ် ဆိုပြီး နှစ်မျိုး လာပါတယ်။ ဒီဖုန်းက Dual-SIM စနစ် သုံး ဖုန်းဖြစ်ပြီး Hybrid Slot အမျိုးအစား သုံးထားလို့ MicroSD Card လည်း ထည့်စိုက်နိုင်ပါတယ်။ MIUI 13 မှာ Virtual RAM ကို 6GB မော်ဒယ်မှာ နောက်ထပ် 2 GB နဲ့ 8GB မော်ဒယ်မှာ နောက်ထပ် 3 GB ထပ် တိုးနိုင်မယ်လို့ ဆိုပါတယ်။

ကွန်ရက်ချိတ်ဆက်မှု ပိုင်းမှာ sub-6 5G နဲ့အတူ 3.5 mm Headphone Jack ၊ Bluetooth 5.1 ၊ IR Blaster နဲ့ NFC တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်း ကတော့ Poco X4 Pro ရဲ့ ထူးခြားတဲ့ အဆင့်မြှင့်တင်မှု တစ်ခု ဖြစ်ပြီး Main Sensor အနေနဲ့ 108MP 1/1.56″ Sensor သုံးလာပါတယ် အရင်နှစ် မော်ဒယ်ကတော့ 48MP Sensor နဲ့ လာတာပါ။ ကျန်တဲ့ ကင်မရာတွေအနေနဲ့ 8 MP Ultrawide Lens နဲ့ 2 MP Macro ကင်မရာတို့ သုံးထားပြီး ရှေ့ဘက် Punch-Hole ထဲမှာ 16MP Selfie ကင်မရာ ထည့်သွင်းထားပါတယ်။

Poco X4 Pro

Photo : GSMArena

အကြီးစား 5000 mAh ဘက်ထရီဟာ 67W Fast Charging ကြောင့် အားအပြည့်သွင်းဖို့ ၄၁ မိနစ်ပဲ အချိန်ယူ ရမယ်လို့ ဆိုပါတယ် ။ အရင်နှစ်က Poco X3 Pro မော်ဒယ်ကတော့ 33W Charging ပံ့ပိုးမှုနဲ့ လာခဲ့တာပါ။ ဖုန်းကိုယ်ထည်ဟာ 8.12 mm နဲ့ အလေးချိန် 205 g ပါပြီး IP 53 Rating ရေစို / ဖုန်တင်ဒဏ် ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။ တခြား အချက်အလက်တွေဘက်က ကြည့်မယ် ဆိုရင် Dual Speakers နဲ့ Z-Axis Linear Motor တစ်ခုလည်း ပါဝင်မှာပါ။

Poco X4 Pro ကို လေဆာ အနက် ၊ လေဆာ အပြာနဲ့ အဝါရောင်ဆိုပြီး သုံးရောင်နဲ့ ထွက်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ 6/128 GB ကို ယူရို ၂၀၀ (မြန်မာငွေ ၆ သိန်းကျော် ) ကနေ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Mid-Range ဖုန်းတစ်လုံး ဆိုပေမယ့် Flagship – Level Experience ပေးနိုင်ပြီး ဈေးသက်သာတဲ့ အချက်ကြောင့် Poco X4 Pro 5G ဟာ ဈေးကွက်မှာ ဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။

Featured Photo : droidholic