ကော်ဖီဟာ ခေတ်သစ်လူမှုဘဝရဲ့ နေ့စဉ်သောက်စရာ အစားအစာထဲမှာ ပါပါတယ်။ သိပ္ပံပညာရှင်တွေဟာ နှစ်ပေါင်းများစွာ ကြာအောင် ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ရဲ့ လူ့ခန္ဓာကိုယ်ပေါ် သက်ရောက်လာမယ့် ဆိုးကျိုး ကောင်းကျိုးတွေကို လေ့လာခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်က ဗြိတိန်ဆေးဂျာနယ် BMJ ကနေ ထုတ်တဲ့ သုတေသနစာစောင်ထဲမှာ တစ်နေ့ ကော်ဖီ ၂၊ ၃ ခွက်ကနေ ၄ ခွက်အထိ သောက်သူတွေဟာ လုံးဝမသောက်သူတွေထက် သက်တမ်း ပိုရှည်ပြီး နှလုံးရောဂါအဖြစ်နည်းတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကော်ဖီသောက်သုံးခြင်းဟာ တစ်ချို့ကင်ဆာဝေဒနာ ၊ ဆီးချိုသွေးချို ၊ အသည်းရောဂါနဲ့ မှတ်ဉာဏ်ပြဿနာတွေကို လျော့ပါးနိုင်တယ်လို့ ဆိုပါတယ်။

Source : Freepik
ဥရောပရောဂါဗေဒဂျာနယ်ကနေ ထုတ်ထားတဲ့ လေ့လာမှုမှာလည်း အလားတူ အကျိုးဆက်တွေ တွေ့ရှိထားပါတယ်။ ဒီသုတေသနကို လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေဟာ အရင်က ကော်ဖီနဲ့ လူတွေ သေဆုံးနိုင်မှုအကြား ဆက်စပ်ချက်ကို လေ့လာခဲ့တဲ့ သုတေသနပေါင်း ၄၀ ကို ပြန်ပြီး လေ့လာသုံးသပ်ထားတာပါ။ သုတေသနပေါင်း ၄၀ ကနေ လေ့လာခဲ့သူ ဦးရေကတော့ စုစုပေါင်း ၃၈၅၂၆၅၁ ဦး ရှိခဲ့ပြီး သေရတဲ့ အကြောင်းရင်း ၄၅၀၂၅၆ ခု ရှိခဲ့ပါတယ်။
” အသက်ရလာတာရယ် ၊ အဝလွန်ခြင်းနဲ့လူမှုဘဝပုံစံအချက်အလက်တွေဟာ သေဆုံးနိုင်မှုပေါ် သက်ရောက်ပါတယ်။ ကော်ဖီနဲ့ သေနိုင်ခြေအကြား ဆက်စပ်ချက်ကိုလည်း သုံးသပ်မယ်ဆိုရင် အကြောင်းတရားလက္ခဏာသွင်ပြင်တွေ အမျိုးမျိုးကနေ စိစစ်ဖို့လိုပါတယ်။ ” လို့ ဒီသုတေသနကို ရေးသားသူတွေက ရှင်းပြပါတယ်။

Source : Freepik
ကော်ဖီကို အသင့်အတင့် သောက်သုံးခြင်းကတော့ လုံးဝကော်ဖီမသောက်သူတွေထက် ကျန်းမာရေး ရလဒ်ကောင်းတွေ ပြပါတယ်။ သင့်တင့်တဲ့ ကော်ဖီသောက်သုံးမှုဆိုတာကတော့ တစ်ရက်ကို ကော်ဖီ ၂ နှစ်ခွက်ကနေ အများဆုံး ၄ ခွက်အထိ သောက်သုံးတာကို ပြောတာ ဖြစ်ပါတယ်။
လေ့လာမှုတွေအရ အမေရိကန်မှာထက်စာရင် ဥရောပနဲ့ အာရှဒေသတွေမှာ ကော်ဖီနဲ့ သေဆုံးနိုင်ခြေဆက်စပ်မှု ပိုအားကောင်းတယ်လို့လည်း ဆိုပါတယ်။
