အားကစားသမိုင်းရဲ့ အကြီးဆုံးစာချုပ်ချုပ်ဆိုပွဲကို တက်ရောက်မယ့် အားကစားသမားတစ်ယောက်အတွက် ဘာဝတ်ရင်ကောင်းမလဲ သေချာစဉ်းစားမိမှာ အသေအချာပါပဲ။ လိုင်ယွန်နယ် မက်ဆီလို ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ဓဝင်တစ်ယောက်ရဲ့ အသင်းပြောင်းမှုဟာ သူနဲ့ Paris Saint-Germain အသင်းတို့ပဲ ဆိုင်တဲ့ ကိစ္စမဟုတ်တော့ဘဲ တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေအတွက်ပါ အလွန်ထူးခြားတဲ့ သမိုင်းတစ်ကွေ့အဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုရင် မှားမှာ မဟုတ်ပါဘူး။
Photo: manofmany
တစ်နှစ်လုပ်ခ (အခွန်ဆောင်ပြီး) ပေါင်၂၅ သန်း ၊ အသင်းပြောင်းဖို့ လက်မှတ်ထိုးကြေး ပေါင် ၂၅ သန်း ၊ အပိုဆုကြေးနဲ့ တခြား Sports Wear ရောင်းရငွေအပေါ် ခံစားခွင့် စတဲ့စတဲ့ စိတ်ဝင်စားစရာ အသင်းအပြောင်းအရွှေ့က ဘာမှ မဆိုင်တဲ့ပရိသတ်တွေကိုတောင် သွားရည်ယိုစေမှာ အမှန်ပါပဲ။ ဘာစီလိုနာရဲ့ ငယ်မွေးခြံပေါက် (စကားတော့ နည်းနည်းရိုင်းကောင်းရိုင်းပေမယ့်)အဖြစ် ဆယ်စုနှစ်နှစ်ခုလောက် အသင်းမှာ ကစားခဲ့တဲ့ ဒီဘောလုံးအကျော်အမော်ရဲ့ အပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက အားကစားကမ္ဘာကြီးအကြား ဆွေးနွေးငြင်းခုံစရာတွေ ဖြစ်ခဲ့ပါတယ်။
ဆိုတော့ အားကစားကြယ်ပွင့်တစ်ယောက်ရဲ့ အပြောင်းအရွှေ့ဆိုတာထက် ပိုကြီးကျယ်ခမ်းနားတဲ့ မက်ဆီရဲ့ ဒုတိယအိမ်ဖြစ်လာမယ့် PSG အသင်းနဲ့ လက်မှတ်ထိုးပွဲကို မက်ဆီတစ်ယောက် ရောက်လာတဲ့ပုံစံက သိပ်ကို ရိုးရှင်းပါတယ်။ ရင်ဘတ်မှာ PARIS လို့ စာတန်းရှင်းရှင်းပါတဲ့ တီရှပ်အဖြူတစ်ထည် ၊ Jeans Pant နဲ့ ရွှေ Rolex တစ်လုံးပဲ ဝတ်ဆင်ပြီး ရောက်လာတာပါ။ သိပ်ကို Classic ကျတဲ့ ဖက်ရှင်အတွဲအဖက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ပဲရစ်မှာ လုပ်ခဲ့တဲ့ တရားဝင် လက်မှတ်ရေးထိုးပွဲမှာ အာဂျင်တီးနားဘောလုံးသမား မက်ဆီပတ်လာတဲ့ နာရီအကြောင်းကလည်း စိတ်ဝင်စာစရာပါ။ PSG နဲ့ Signing လုပ်တဲ့ပွဲမှာ မက်ဆီဟာ နှင်းဆီရွှေ Rose Gold ရောင် Rolex Yacht-Master တစ်လုံးကို ပတ်လာတာပါ။ Rolex ရဲ့ Sports Luxury တန်းဝင် ဒီနာရီဟာ အကြမ်းခံမှုနဲ့ ဝတ်ဆင်သူအတွက် သက်တောင့်သက်သာရှိပြီး သားနားခန့်ထည်မှုအပြည့်ကို ပေးနိုင်တဲ့ နာရီ ဖြစ်ပါတယ်။
Photo: manofmany
နာမည်အပြည့်အစုံ Rolex Oyster Perpetual Yacht-Master, ref. 126655 ဟာ ၄၀ မီလီမီတာ နာရီအိုးနဲ့လာပြီး ၁၈ ကာရက် Everose ရွှေကိုယ်ထည်နဲ့ လာပါတယ်။ အပေါ်က Matte Black Ceramic Bezel ဘောင်နဲ့ အုပ်ထားပြီး ဘေးမှာ အနက်ရောင် အနက်ရောင်ဒိုင်ခွက်ပါရှိပါတယ်။ မက်ဆီရဲ့ ဒီနာရီဟာ Rolex ရဲ့ မျိုးဆက်သစ် 3225 Auto ရွေ့လျားမှုပါပြီး အကြမ်းခံတဲ့ Oysterflex လက်ပတ်နဲ့ လာပါတယ်။
ဈေးကတော့ Rolex ဆိုတဲ့အတိုင်း မသေးပါဘူး။ ဩစတြေးလျဒေါ်လာ ၃၇၀၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၄၄၀ ကျော်) ဈေးနဲ့ ရောင်းချနေတာပါ။ တစ်နှစ်ပေါင် ၂၅ သန်းရတဲ့ လစာအမြင့်ဆုံး ဘောလုံးသမားတစ်ယောက်အနေနဲ့ဆို ဒီနာရီက ဈေးကြီးလှတယ်တော့လည်း မဟုတ်ပါဘူး။