မေလ (၁၈) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းဟာ ဝက်ဖို့ဒ်အသင်းကို (၆-ဝ) နဲ့ ဂိုးပြတ်အနိုင်ရရှိကာ ယခုနှစ်ဘောလုံးရာသီရဲ့ ဖလား (၃) လုံး ပိုင်ရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ မန်စီးတီးအသင်းအနေနဲ့ စတာလင်၊ မာရက်ဇ် ၊ ဂျေဆူး ၊ ဘာနာဒိုဆေးလ်ဗား၊ ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗား စတဲ့ အကောင်းဆုံးကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပေးပြီး တိုက်စစ်မှာတော်တော်လေး မွှေနှောက်နိုင်တဲ့ တိုက်စစ်မှူး အဂွဲရိုးကိုတော့ အရန်ခုံမှာရှိစေခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းအနေနဲ့လည်း အသင်းရဲ့အဓိကအားထားရတဲ့ ကစားသမားတွေ အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်ပိုင်းကို အားဖြည့်ကာ မန်စီးတီးအသင်းကိုရင်ဆိုင်ဖို့ သေသေချာချာပြင်ဆင်လာခဲ့ပုံရပါတယ်။

Source: BBC

ပွဲစဉ်စတင်ချိန်မှာတော့ ဝက်ဖို့ဒ်အသင်းရဲ့ ခံစစ်ကတော်တော်လေး အားကောင်းနေခဲ့တယ်လို့ဆိုရပါတယ်။ ခံစစ်ပိုင်းကိုပဲ အဓိကထားကစားနေတဲ့ ဝက်ဖို့ဒ်အသင်းအနေနဲ့ ထင်မှတ်မထားတဲ့ တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးတစ်ခု ထိပ်တိုက်ကြုံခဲ့ရပေမယ့် ကောင်းစွာအသုံးမချနိုင်ခြင်းမရှိခဲ့တာကြောင့် ဦးဆောင်ဂိုးရရှိမယ့်အခွင့်အရေးကနေ ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ မန်စီးတီးအသင်းရဲ့ တိုက်စစ်က ပြန်လည်အသက်ဝင်လာခဲ့ပြီး ပွဲချိန် (၂၆) မိနစ်မှာ ဒေးဗစ်ဆေးလ်ဗား တိကျသေချာတဲ့ ကန်သွင်းချက်နဲ့ အတူ မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Source : Evening Standard

မန်စီးတီးအသင်းဟာ အဖွင့်ဂိုးရရှိပြီးတဲ့နောက် ပွဲကိုပိုမိုဦးဆောင်ကစားလာနိုင်ခဲ့ပြီး ပွဲချိန် (၃၈) မိနစ်မှာ ဂျေးဆူးရဲ့ပေးပို့မှုကနေတစ်ဆင့် စတာလင်က ဒုတိယမြောက်သွင်းဂိုးဖန်တီးယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲချိန်ဒုတိယပိုင်းမှာလည်း မန်စီးတီးက ပြိုင်ဘက်ဝက်ဖို့ဒ်အသင်းကို ဆက်လက်ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲစဉ်ဒုတိယပိုင်းမှ လူစားလဲဝင်ရောက်လာတဲ့ ဒီဘရိုင်းနားက ပွဲချိန် (၆၁) မိနစ်မှာ တတိယမြောက်သွင်းဂိုးကို အလှပဆုံးသွင်းယူသွားခဲ့ပြန်ပါတယ်။

ဆက်လက်ပြီး ဆက်တိုက်ဆိုသလို ပွဲချိန် (၆၈) မိနစ်မှာ ဂျေဆူးက (၄) ဂိုးမြောက်သွင်းယူကာ၊ စတာလင်က ပွဲချိန် (၈၁) မိနစ်နဲ့ (၈၇) မိနစ်တွေမှတော့ (၂) ဂိုးဆက်တိုက် သွင်းယူကာ (၆-ဝ) ရလဒ်နဲ့ ပွဲကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံ မန်စီးတီးအသင်းကတော့ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား၊ လိဂ်ဖလားနဲ့ ယခု FA ဖလား စတဲ့ဖလား (၃) လုံးစလုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

Source: BBC