အလုပ်တစ်ခု လျှောက်ရာမှာ Resume ဟာ သိပ်အရေးပါပါတယ်။ တစ်ချို့လူတွေ တကယ် အရည်အချင်း ရှိပါလျက်နဲ့ သူတို့ရဲ့ အရည်အသွေးကို Resume မှာ ထည့်မပြောပြနိုင်တာကြောင့် အလုပ်ကောင်း အကိုင်ကောင်းတွေနဲ့ ဝေးရတတ်တာကြောင့် Resume ကောင်းတစ်ခု ရေးပြီးမှ အလုပ်လျှောက်ဖို့လိုပါတယ်။

Resume ဟာ အရင်ကတော့ On Paper နဲ့ သွားတာ ဖြစ်လို့ စာရေးကောင်းရုံနဲ့တင် အလုပ်ခေါ်ချင်လာအောင် ဆွဲဆောင်လို့ရပေမယ့် အခုခေတ်မှာ အလုပ်ကို ဒီဂျစ်တယ်ပလက်ဖောင်းတွေ ၊ LinkedIn လို အွန်လိုင်း အလုပ်ရှာဖွေရေး App တွေကပါ လျှောက်ရတာ ဖြစ်လို့ Technical ဆန်လာပါတယ်။

ဒီတော့ Resume ကောင်းတစ်ခု ဖြစ်ဖို့အတွက် နည်းပညာရဲ့ အကူအညီလည်း လိုအပ်လာပြီလို့ ဆိုရမှာပါ။ ဒီလို နည်းပညာအကူအပြင် တကယ်တမ်း Resume တစ်ခုကို အလုပ်ရှင် စိတ်ဝင်စားအောင် လုပ်တဲ့ နည်းလမ်း တစ်ချို့လည်း ရှိပါတယ်။

(၁) တည့်တည့်ရေးပါ

Source: Freepik

ဒီခေတ်က သိပ်ကို အလျင်လိုတဲ့ ခေတ်ကြီး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Resume မှာ ကိုယ့်အကြောင်းနဲ့ အတွေ့အကြုံတွေကို ရေးသားရာမှာ စာစီစာကုံး ရေးသလိုကြီး မဖြစ်သင့်တော့ပါဘူး။ အလွန်ဆုံး စာမျက်နှာ ၂  မျက်နှာလောက် ရေးရင်ကို ရပါပြီ။

ထိအောင် ရေးရာမှာလည်း အဓိကသုံးနှုန်းတဲ့ Keywords တွေကို စကားလုံးပြောင်ပြောင်နဲ့ စွဲလောက်အောင် ရေးနိုင်ရင် အကောင်းဆုံးပါပဲ။ အလုပ်ခေါ်တဲ့ အလုပ်ရှင်တွေမှာ သည်းခြေကြိုက် စကားလုံး သက်သက် ရှိပါတယ်။ ဒါကတော့ အလုပ်ပေါ် လိုက်ပြီး ထိရောက်တဲ့ စကားလုံး သုံးရမှာ ဖြစ်ပါတယ်။

တစ်ခု သတိထားရမှာက တစ်ခါလာ မွဲပြာပုဆိုးဆိုသလို ဒီစကားလုံးချည်းပဲ မျက်စိနောက်လောက်အောင် သုံးတာမျိုး ရှောင်သင့်ပါတယ်။ စကားလုံးတွေဟာ အသက်ဝင်ပြီး တက်ကြွနေမှသာ ကိုယ့်ရဲ့ Resume ဟာ လူစိတ်ဝင်စား ခံရမှာ ဖြစ်ပါတယ်။

(၂) ထူးခြားပါစေ

Source: Pixabay

Resume ကို Ready Made ကြီး မသုံးပါနဲ့။ ဒါဟာ ကိုယ့် Skill ကို အလုပ်ခန့်မယ့်သူ မြင်သာအောင် ပြတဲ့ Play Ground တစ်ခုလည်း ဖြစ်ပါတယ်။ ထိရောက်ပြီး မြင်သာတဲ့ ကိုယ့်ရဲ့ စွမ်းရည်နဲ့ စရိုက်ကို ဖော်ညွှန်းပါ။ ကိုယ်လျှောက်တဲ့ အလုပ်အမျိုးအစားဟာ ဖန်တီးမှုဘက်ကို အားသန်တဲ့ အလုပ်မျိုးဆိုရင် ကိုယ့်ရဲ့  Resume ဟာ Creative ဖြစ်ပြီး တစ်မူထူးခြားအောင် လုပ်ထားဖို့ လိုပါတယ်။

(၃) ကိုယ့်ရဲ့ ကာရိုက်တာကိုပါ သိပါစေ

Source: Freepik

Resume ရေးတာဟာ ဝတ္ထုရေးတာ မဟုတ်ပေမယ့် ကိုယ့်ရဲ့ အလေ့အထကို မမေ့မလျော့ ဖော်ပြဖို့လိုပါတယ်။ အဲ့ဒါဟာ ကိုယ့်ရဲ့ အားသာချက်လည်း ဖြစ်ပါစေ။ လုပ်ခဲ့တဲ့ အလုပ်အကြောင်း အစီရင်ခံစာလို  တင်ပြမယ့်အစား စိတ်ဝင်စားအောင် အချက်အလက်နဲ့ သော်လည်းကောင်း ၊ ကိန်းဂဏန်းနဲ့ သော်လည်းကောင်း မြင်သာအောင် ပြသင့်ပါတယ်။

ပြောရရင် Resume ဟာ သင့်အကြောင်း အများဆုံးပါတဲ့ သမိုင်းငယ်တစ်ခုလို ဖြစ်အောင် ဒီဇိုင်းထုတ်ရမှာပါ။ အဲဒီအတွက်လည်း အချိန်ပေးပြီး အသေအချာ ရေးမယ်ဆိုရင် ဒီ Resume ဟာ သင့်ကို အလုပ်အင်တာဗျူးဆီ ခေါ်ဆောင်မယ့် သဝဏ်လွှာဖြစ်လာနိုင်ပါတယ်။