စိတ်ဖိစီးမှုဆိုတာ ပုံမှန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ယေဘုယျစိတ်အခြေအနေ ဆိုပေမယ့် စိတ်ဖိစီးမှုကြောင့် စိတ်အင်အားတွေပါ ကုန်ခမ်းလာပြီဆိုရင် စိတ်ဖိစီးမှုက သင့်ကို ဖျက်ဆီးလာပြီဆိုတာ သတိထားပါ။ ဒီနေ့ခေတ်လို စိတ်ဖိစီးစရာတွေ တောင်ပုံရာပုံ ခေတ်မှာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းတရားတွေကို ချရေးလိုက်ရင် တသီတသန်းကြီး ထွက်လာမှာပါ။
စိတ်ဖိစီးစေတဲ့ အကြောင်းတရားတွေ အများကြီးထဲကမှ Stress ဖြစ်စေတဲ့ အခြေခံအကျဆုံးအကြောင်းအရင်း တချို့ကို ဆွဲထုတ်ကြည့်ရအောင်ပါ။

(၁) အိပ်ရေးပျက်ခြင်း

man using smartphone on the bed

Photo: Unsplash

Sleep Quality ကလည်း သင့်စိတ်ဖိစီး ပင်ပန်းမှုစက်ကွင်းကို ထိုးနှက်တဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ မသိမသာနဲ့ အိပ်ရေးပျက်တာ များလာရင်ကိုပဲ စိတ်ဖိစီးမှု ဖြစ်အောင် လှုံ့ဆော်မှုပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရဆို တစ်ညကို ၄ နာရီခွဲပဲ တစ်ပတ်လောက် အိပ်လိုက်တာနဲ့ စိတ်ဖိစီးလာပြီး ဒေါသထွက်တာ ၊ ဝမ်းနည်းပြီး စိတ်အင်အားတွေ ကုန်ခမ်းတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Sleep Quality ကောင်းဖို့အတွက် ညမအိပ်ခင် ၁ နာရီအနည်းဆုံး ကြိုပြီး Screen တွေ ပိတ်ထားဖို့ လိုပါတယ်။ Blue Screen တွေက ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကို လှုံ့ဆော်ရာကနေ အိပ်ချင်စိတ်ပျောက်စေနိုင်လို့ ဖြစ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ စိတ်ကို ဖြေလျှော့စေမယ့် ခြေဖဝါးနှိပ်တာ ၊ သိပ်မပြင်းထန်တဲ့ ယောဂကစားတာမျိုး လုပ်ပေးသင့်ပါတယ်။

(၂) အစားအ‌သောက် မမှန်ခြင်း

hand and burgers

Photo: Unsplash

ကိုယ်စားလိုက်တဲ့ အစားအသောက်ကလည်း ကိုယ့်ရဲ့ စိတ်စွမ်းအင်ပေါ် သက်ရောက်မှုရှိပါတယ်။ အာဟာရမပြည့်ဝတဲ့ အစားအသောက်တွေကြောင့် အရွယ်ရောက်ပြီး အမေရိကန်ရဲ့ သုံးပုံ နှစ်ပုံဟာ အဝလွန်ကြတယ်လို့ ဆိုပါတယ်။ စားသောက်ပုံ မမှန်ကန်ရင် စိတ်ဖိစီးမှုနဲ့ ကိုယ်တွင်းစွမ်းအင်ကုန်ခမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးတတ်သူတွေဟာ ဆန်လုံးညို ၊ Green Tea ၊ ကန်စွန်းဥ ၊ ထောပတ်သီး ၊ ငှက်ပျော ၊ ဆယ်လ်မွန် ၊ အဆီနည်းအသား နဲ့ ဘလူးဘယ်ရီတို့လို အစားအစာတွေ စားပေးပြီး ရေများများ သောက်ပေးဖို့ ညွှန်းထားကြပါတယ်။

(၃) အာရုံပြားစေတဲ့ အရာတွေ

The Shadow of a man

Photo: Unsplash

နေ့စဉ် ကိုယ်နဲ့ ကြုံတွေ့နေရတဲ့ အရာတွေက ကိုယ့်အာရုံတွေကို စားသုံးနေတဲ့အရာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးစေတဲ့ အရာတွေနဲ့ နေ့တိုင်း ထိတွေ့နေသူဟာ Stress ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုဆိုးဝါးနိုင်ပါတယ်။ Social Media ကို စွဲစွဲလန်းလန်း သုံးတာ ၊ အလုပ်ကိစ္စတွေ ခေါင်းထဲက မထုတ်နိုင်အောင် ဖြစ်တာ နဲ့ အရေးမပါတဲ့အရာတွေအပေါ် အလေးအနက်ထားတာမျိုးကလည်း Stress ကို ဦးတည်နေတဲ့ လုပ်ရပ်တွေပါပဲ။
အာရုံစုစည်းမှုပိုကောင်းစေဖို့ Social Media နဲ့ Email စစ်တာ ၊ ဖတ်တာကို အချိန်ကန့်သတ်ပါ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ခွဲခြားထားပါ။ ဖုန်းသုံးတာ လျှော့ပြီ စိတ်စုစည်းစိုက်မှုနဲ့ အေးချမ်းစေမယ့်လုပ်ရပ်လေးတွေ လုပ်ပါ။ သတင်းတွေ တောက်လျှောက်ဖတ်တာ ၊ ဖျော်ဖြေရေးတွေနောက် အလိုက်လွန်တာမျိုး ရှောင်ပါ။

Featured Photo: helpguide