နေ့တိုင်း ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေကြတာပါ။ မှန်မှန်ကန်ကန် စောင့်‌ရှောက်မှုလုပ်တဲ့သူက ကျန်းမာပြီး ရုပ်အဆင်းအင်္ဂါကြည်လင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် Take Care လုပ်တယ်ဆိုရာမှာ အရမ်းခက်ခက်ခဲခဲ လုပ်စရာတော့လည်း မလိုပါဘူး။လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေနဲ့လည်း ပုံမှန် Care လုပ်သွားနိုင်ပါတယ်။

(၁) အိပ်စက်မှုစံ မှီပါစေ

Have a Good Night Sleep

Photo: Unsplash

ကောင်းမွန်တဲ့ တစ်ညတာအိပ်စက်မှုဟာ သင့်ကျန်းမာရေးအတွက် သိပ်ကိုအရေးကြီးတဲ့အရာပါ။ အိပ်ရေးဝခြင်းဟာ ရောဂါဘယတွေ မဖြစ်အောင် တားမြစ်နိုင်မယ့် ကိုယ်ခံအားစနစ်မြှင့်တင်ပေးပြီး မှတ်ဉာဏ်နဲ့ နှလုံးကျန်းမာရေးကို အားကောင်းစေပါတယ်။ လူရဲ့ အသက်အရွယ် ၊ ကျား/မ စတဲ့အခြေအနေတွေပေါ်လိုက်ပြီး ဘယ်နှစ်နာရီကြာအောင် အိပ်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။

ဆရာဝန်တွေ ထောက်ခံတာက တစ်ညကို ၇ နာရီကနေ ၈ နာရီအထိ အိပ်ပေးရမယ်လို့ ဆိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် အိပ်ရာခင်းတွေ သန့်ရှင်းပြီး အေးမြအောင်ထားပါ။ မအိပ်ခင် အနည်းဆုံး ၁ နာရီလောက်က စပြီး ဖုန်းလုံးဝမသုံးဘဲ စာဖတ်တာ ၊ တရားထိုင်တာမျိုး လုပ်သင့်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မှုက သင့်ရဲ့ ကိုယ်တွင်းစနစ်တွေရဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းအောင် သဘာဝအတိုင်း ပြုပြင်ပေးသွားမှာပါ။

(၂) အာဟာရရှိရှိ စားပါ

Eat Healthy Foods

Photo: Unsplash

အာဟာရပြည့်ဝစွာ စားပါဆိုတဲ့ အကြံပြုချက်ကလည်း ရိုးရှင်းသလောက် အမြဲတမ်းအတွက် အသုံးဝင်တဲ့ အကြံပေးချက် ဖြစ်ပါတယ်။ အစားအသောက်မဆင်ခြင်မှုကြောင့် သွေးတိုးတာ ၊ အဆစ်အမြစ်ကိုက်တာ ၊ စိတ်ဓါတ်ကျတာ နဲ့ သောကပွားတာတွေ ဖြစ်တတ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ အရက်သေစာနဲ့ ဆေးလိပ်တို့လို ကိုယ်ခန္ဓာရဲ့ ရန်သူတွေနဲ့ ဝေးဝေးကနေ ရှောင်ဖို့လည်း အကြံပေးလိုက်ပါတယ်။

(၃) တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိပါ

Maintain Good Personal Hygiene

Photo: Unsplash

ကျန်းမာရေးနဲ့အညီ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပေးတာကလည်း သင့်ကို ရောဂါပိုးမွှားတွေကနေ ဝေးအောင် အများကြီး ကူညီပေးနိုင်ပါတယ်။ သန့်သန့်ရှင်းရှင်း နေထိုင် ဝတ်စားတာ ၊ ခြေသည်းလက်သည်းနဲ့ သွားတွေ သန့်ရှင်းကျန်းမာအောင် ဂရုစိုက်ပေးတာနဲ့ လက်တွေကို မကြာခဏ စနစ်တကျ‌‌ဆေးကြောတာဟာ အခြေခံကျပြီး အရေးကြီးတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အထကောင်းတွေပါပဲ။
အခုပြောခဲ့တာတွေက နေ့တိုင်း လုပ်ပေးသင့်တဲ့ Personal Care နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီအချက်လေးတွေ ပုံမှန်လုပ်ပေးခြင်းဖြင့် စိတ်ရောရုပ်ပါ ကြည်လင်ကျန်းမာဖို့ အထောက်အကူဖြစ်စေမှာပါ။