ကိုယ်လုပ်နေတဲ့ကိစ္စတစ်ခုခု မအောင်မမြင်ဖြစ်လာရင် အရင်ဆုံးမေးတတ်ကြတဲ့မေးခွန်းက “ဘာကြောင့် ငါရှုံးနိမ့်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်မှာပါ။ တကယ်တော့ မအောင်မြင်တဲ့ကိစ္စတွေက များလွန်းလို့ ရှုံးနိမ့်တယ်/အဆင်မပြေဘူးဆိုတာ သိပ်ထူးဆန်းလှတယ်တော့လည်း မဟုတ်ပါဘူး။

မအောင်မြင်ခင် ကြုံတတ်တဲ့ ရှုံးနိမ့်မှုဆိုတာ ဖြစ်တတ်တဲ့သဘောတရားတစ်ခုပါ။ အောင်မြင်သူတိုင်း အရှုံးကို ဖြတ်သန်းခဲ့ရတာပါပဲ။ တကယ်လို့ လုပ်ရင်းကိုင်ရင်း ရှုံးနိမ့်မှုတွေ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ဒီအချက်တွေကြောင့်လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါတယ်။

(၁) ကိုယ့်ဘဝကို တာဝန်ယူမှုမရှိလို့

Playing Chess

Photo: Unsplash

ဘဝမှာ ကြုံရတဲ့ ဘယ်ပြဿနာမဆို ပြေလည်ချင်ရင် ဒါကို လက်ခံဖို့ လိုပါတယ်။ ပြဿနာတစ်ခုဖြစ်လာရင် ပြဿနာကို လက်ခံမယ့်အစား ဒီပြဿနာဘယ်သူ့ကြောင့် ဖြစ်တာလဲ တရားခံလိုက်ရှာတာမျိုးကလည်း ရှုံးနိမ့်မှုကို ဖြစ်စေတဲ့ အကြောင်းတရားတစ်ခု ဖြစ်လေ့ရှိပါတယ်။ ကိစ္စတစ်ခု အဆင်ပြေလာရင် လက်မတထောင်ထောင် နေပြီး ပြဿနာဖြစ်လာရင် တခြားသူတွေကို လက်ညှိုးထိုးအပြစ်ရှာတာမျိုး မလုပ်ပါနဲ့။ သင့်ပြဿနာအတွက် သင့်မှာ တာဝန်ယူမှု ရှိဖို့လိုတယ်ဆိုတာကို အရင် လက်ခံထားပါ။

(၂) ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုမပြည့်ဝလို့

Man cheering in front of building

Photo: Unsplash

ယုံကြည်မှုဆိုတာ သင့်ကို တည်ဆောက်နေတဲ့အရာတစ်ခုပါ။ ယုံကြည်စိတ်က သဘောထားအမြင်တစ်ခုဖြစ်လာပြီး အဲ့ဒီသဘောထားကပဲ နေ့စဉ်လူ့ဘဝမှာ ကြုံသမျှကို ရှုမြင်တဲ့ ပြတင်းပေါက်တစ်ခုလို ဖြစ်လာတာပါ။ အလုပ်တစ်ခုလုပ်ရာမှာ ယုံကြည်စိတ် ပြည့်ပြည့်ဝဝမရှိရင် တွန့်ဆုတ်မှုက ရှေ့ကခံနေလို့ အောင်မြင်ဖို့ ခက်ပါတယ်။ ယုံကြည်စိတ်နည်းသူဟာ သံသယအဖျက်ကြောင့် ပျက်စီးဆုံးရှုံးလွယ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ အလုပ်လုပ်ပါ။

(၃) လက်လျှော့လွယ်လွန်းလို့

Man Jumping Up

Photo: Unsplash

အောင်မြင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အောင်မြင်မှုကြီးကြီး လိုချင်လေလေ အခက်အခဲကြီးကြီးနဲ့ ကြုံရလေလေပါပဲ။ စိတ်ဓါတ်ကျစရာတွေ ၊ ပင်ပန်းလို့ လက်လျှော့ချင်စိတ်တွေလည်း အခါခါြဖစ်လာပါလိမ့်မယ်။ အောင်မြင်ဖို့ဆို နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်တဲ့ မလျှော့တမ်းစိတ်ဓါတ် ရှိဖို့ လိုပါတယ်။ အတားအဆီးတစ်ခုနဲ့ကြုံလို့ ချက်ချင်းလက်လျှော့လိုက်တာမျိုး လုပ်မိရင်လည်း အောင်မြင်မှုခရီးက ဝေးပြီးရင်း ဝေးနေတတ်ပါတယ်။

Featured Photo: Inc