နေ့တိုင်းလုပ်နေတဲ့ အရာတွေက အလေ့အကျင့်တွေ ဖြစ်လာပါတယ်။ များသောအားဖြင့် မကောင်းတဲ့အကျင့်တွေက လွယ်လွယ်လေး စွဲပြီး အကျင့်ကောင်းတွေ ကိုယ့်မှာ မွေးဖို့က သိပ်ကို ခက်ပါတယ်။ အကျင့်ကောင်းဆိုတာ ကျန်းမာရေး ၊ အလုပ်အကိုင်နဲ့ သင့်ရဲ့ ဘဝကို ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ အရေးကြီးတဲ့ အထောက်အကူတစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ကိုယ့်မှာ ရှိလာဖို့ စိတ်ရှည်ရမယ်လို့ ပြောကြတာ ရှိပါတယ်။ အခုပြောမယ့်နည်းလမ်းတွေက အကျင့်ကောင်းတွေ တည်ဆောက်ရာမှာ ပိုလွယ်ကူထိရောက်စေအောင် ကူညီပေးနိုင်ပါတယ်။

(၁) လွယ်လွယ်လေးက စတင်ပါ

Photo: Pexels

No လို့ မငြင်းဖြစ်အောင် လွယ်တဲ့ နေရာကနေ စပြီး အကျင့်မွေးကြည့်ပါ။ ဆိုပါစို့။ ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခု လုပ်တဲ့ အကျင့်လိုချင်လား ။ သင့်ပန်းတိုင်ဟာ တစ်နေ့ကို ၁ မိနစ်က စပြီး လုပ်ဖို့ပဲ ဖြစ်ပါတယ်။ လွယ်လွယ်လေးက စလိုက်တော့ လုပ်ရတာ မခက်တော့သလို စိတ်ထဲမှာလည်း အလေ့အကျင့် အသစ်နဲ့ မစိမ်းတော့ဘူးပေါ့။

(၂) ဘာကြောင့် မလုပ်ဖြစ်တာဆိုတာ သိအောင်လုပ်ပါ

Photo: Freepik

တစ်ချို့အလေ့အကျင့်တွေက ကျန်းမာရေးအတွက် ကောင်းတယ်။ ပညာရေးနဲ့ အလုပ်အကိုင် စသည်ဖြင့် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိပေမယ့် စွဲစွဲမြဲမြဲ မလုပ်ဖြစ်ဘူးဆိုရင် အကြောင်းရင်းရှာပါ။ ဘာကြောင့် မလုပ်ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကို ပြင်လိုက်ရင် အကျင့်ကောင်းကို ဖျက်စရာမလိုဘဲ ဆက်ပြီး အလေ့အထဖြစ်တဲ့အထိ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

(၃) အစီအစဉ်ပြင်ပါ

Photo: Freepik

အလေ့အကျင့်ဆိုတာ မွေးရခက်ပါတယ်။တစ်ခါတစ်လေမှာတော့ အလေ့အကျင့်ကောင်းတွေ အထုံဖြစ်သွားတဲ့အထိ မလုပ်ဖြစ်တာတွေ ရှိပါမယ်။ အကျင့်ပျက်သွားရင် မြန်နိုင်သမျှ မြန်မြန်နဲ့ အလေ့အကျင့်ပြန်လုပ်ဖို့ အစီအစဉ်သစ် ဆွဲဖို့ပါပဲ။ ဒီတော့ ပုံမှန်အစီအစဉ်လေးတွေ အချိန်ဇယားလေးတွေ ဆွဲပါ။ နည်းနည်းပဲဖြစ်ဖြစ် ပုံမှန်လုပ်ဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ အကျင့်ကောင်းတစ်ခုကို ကိုယ့်ရဲ့ ပင်ကိုယ်သဘောဖြစ်လာတဲ့အထိ အချိန်ပေးပါ။ နောက်မဆုတ်ပါနဲ့လို့ အကြံပေးချင်ပါတယ်။