အားကစားဟာ သင့်ကျန်းမာရေးအတွက် မိတ်ဆွေကောင်းပါ။ သင့်အဆုတ် ၊ နှလုံးနဲ့ ကြွက်သားတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် အားကစားလေ့ကျင့်ခန်းတွေက ပံ့ပိုးပေးပါတယ်။ နောက်တစ်ခုက အားကစားလုပ်တာဟာ ရုပ်ပိုင်းဆိုင်ရာအရပါ များပြားတဲ့ အကျိုးပေးပါတယ်။
လူသိနည်းတဲ့ အားကစားရဲ့ အကျိုးကျေးဇူးတစ်ခုက အသားအရေ စိုပြေကြည်လင်စေခြင်း ဖြစ်ပါတယ်။ ဘာကြောင့် အားကစားလုပ်တာဟာ အသားအရေအတွက် ကောင်းသလဲဆိုရင် အချက် ၃ ချက်ကြောင့်လို့ ပြောနိုင်ပါတယ်။
(၁) စိတ်ဖိစီးမှု သက်သာစေလို့
Photo: Freepik
စိတ်ဖိစီးမှု နည်းခြင်းဟာ အသားအရေအတွက်ကောင်းတယ်ဆိုတာ အားလုံးလက်ခံထားကြပါတယ်။ အားကစားဟာ စိတ်ဖိစီးမှု လျှော့ချပေးဖို့ ထိရောက်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ အားကစားလုပ်ခြင်းကြောင့် အန်ဒိုဖင်းလို့ ခေါ်တဲ့ ပြေလျော့အနားရစေပြီး ကျေနပ်တဲ့ ခံစားမှုထုတ်ပေးနိုင်တဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။
အားကစားလုပ်တာဟာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တစ်ဆိုး ထုတ်လုပ်မှုကိုလည်း ကန့်သတ်ပေးနိုင်ပါတယ်။ စိတ်ကြည်တဲ့သူဟာ ရုပ်လည်းကြည်ပါတယ်။ တစ်ခု သတိထားရမှာက လေ့ကျင့်ခန်း အလွန်အကျွံမလုပ်မိစေဖို့ ဖြစ်ပါတယ်။ အလွန်အကျွံ လုပ်မိရင်လည်း လူလည်း ထိခိုက်ဒဏ်ရာရနိုင်သလို စိတ်ဖိစီးမှုနဲ့ ရှုပ်ထွေးမှုလည်း ပိုဖြစ်နိုင်ပါတယ်။
(၂) ကော်လာဂျင်ထုတ်ပေးလို့
Photo: Freepik
ကော်လာဂျင်ဟာ အရေပြားလုပ်ဆောင်ချက်တွေတွေအတွက် ပရိုတိန်းပါ။ တွယ်ဆက်တစ်သျှူးတွေနဲ့ အရွတ်တွေထဲမှာ တွေ့ရတတ်ပါတယ်။ အသက်ကြီးလာချိန်မှာ ကော်လာဂျင် ထွက်နှုန်းကျဆင်းလာပြီး ရုပ်ရင့်ခြင်း ၊ အရေပြားတွန့်ခြင်းတွေ ဖြစ်လာပါတယ်။
အားကစားလုပ်တာဟာ ကော်လာဂျင်ထုတ်ပေးမှုကို မြှင့်တင်နိုင်တယ်လို့ သိပ္ပံနည်းကျ အထောက်အထားတွေက ဆိုပါတယ်။ ဒါကြောင့် အားကစားလုပ်သူဟာ အားကစားမလုပ်တဲ့ သူတွေထက် အသားအရေ တင်းရင်းနုပျိုစေပြီး အရွယ်လည်း ပိုတင်ပါတယ်။ တစ်ချို့ အားကစားသမားတွေရဲ့ အသားအရေဟာ ရှိရင်းစွဲအသက်ထက် ၁၅ နှစ်- နှစ် ၂၀ ပိုပြီး နုပျိုတယ်လို့ ထင်စေတာ အားကစားကြောင့် ဖြစ်ပါတယ်။
(၃) သွေးလည်ပတ်မှုကောင်းလို့
Photo: Freepik
နှလုံးခုန်နှုန်းမြင့်တာဟာ သွေးလည်ပတ်မှုအတွက် ကောင်းပါတယ်။ နှလုံးသွေးတွေဟာ အားကစားလုပ်မှုနဲ့အတူ သွေးလည်ပတ်မှုကို ပိုပြီး ကောင်းမွန်အောင် တွန်းပို့ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု မကောင်းတဲ့သူဟာ မျက်ကွင်းညိုတာ အသားအရေ နွမ်းဖတ်တာမျိုး ဖြစ်နိုင်ပါတယ်။
အားကစားလုပ်သူကတော့ သွေးလည်ပတ်မှုကောင်းမွန် ကျန်းမာတာကြောင့် နှလုံးကျန်းမာရေးလည်း ကောင်းသလို အသားအရေလည်း ပိုပြီး ဝင်းလက်လာစေပါတယ်။ ဝိတ်မတာနဲ့ အပြေးလေ့ကျင့်ခန်း ကစားသူတွေ ရုပ်နုတယ်ဆိုတာ သွေးလည်ပတ်မှုကောင်းတာကြောင့် ဖြစ်ပါတယ်။