စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲရမယ့်အရာမဟုတ်ပါဘူး။ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ Stress ကို ရင်ဆိုင်ရာမှာ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဒီထဲက ထိရောက်ပြီး လက်တွေ့ကျတဲ့နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) အသက်ရှုနည်းစနစ် မှန်ပါစေ

man breathing freely

Photo: Freepik

အသက်ရှုနည်းနဲ့ စိတ်ခံစားချက်ကို ကိုင်တွယ်လို့ ရပါတယ်။ စနစ်ကျတဲ့ အသက်ရှုနည်းစနစ်ကို လက်ကိုင်ထားပြီး စိတ်ဖိစီးမှုကို တိုက်ဖျက်သင့်ပါတယ်။ အသက်ကို အဆုတ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ရှုသွင်းလိုက်ပြီး သဘာဝအတိုင်း သူ့အလိုလို လေပြန်ထုတ်လိုက်ပါ။ အကြိမ် ၃၀ လောက် စိတ်စိုက်ပြီး လုပ်ကြည့်ပါ။ အသက်ကို ပြင်းပြင်းရှုရှိုက်ပြီး ၁၀ စက္ကန့်လောက် အောင့်ထားရမှာပါ။ ပြီးမှ သူ့သဘာဝအတိုင်း လေပြန်ထွက်ပါစေ။ ၃/၄ မိနစ်လောက် စမ်းကြည့်ပါ။ သိသိသာသာ စိတ်သက်သာရာရသွားပါလိမ့်မယ်။

(၂) တရားထိုင်တဲ့အလေ့အကျင့် လုပ်ထားပါ

man practicing meditation

Photo: Freepik

အာရုံတွေကို တိတ်ဆိတ်ထားပြီး စိတ်ကို စောင့်ကြည့်တဲ့ အလေ့အကျင့်ဟာ စိတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ထိရောက်မှုရှိတဲ့ လက်တွေ့နည်းတစ်ခု ဖြစ်ပါတယ်။ ကျပ်ကျပ် စိတ်ဖိစီးလာတယ် ခံစားရရင် အိမ်ဖြစ်စေ ရုံးဖြစ်စေ တိတ်ဆိတ်ပြီး အနှောင့်အယှက်နည်းတဲ့ နေရာတစ်ခုကို အရင်ရှာလိုက်ပါ။ ပြီးရင် ငြိမ်ငြိမ်လေး ထိုင်ပြီး နှာခေါင်းထိပ် လေဝင်လေထွက်ကို အရင် အာရုံစိုက်ပြီး စိတ် နဲ့ ရုပ်ဖြစ်စဉ်ကို အရှိအတိုင်း သိအောင် စောင့်ကြည့်ပေးပါ။ တရားထိုင်ခြင်းဟာ စိတ်ကို အဆင့်မြှင့်ထားတဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

(၃) အပြင်လောကနဲ့ ထိတွေ့ပါ

man watching at sunset

Photo: Freepik

စိတ်ဖိစီးမှုကို ရင်ဆိုင်ရာမှာ ကိုယ့်ကိုပဲ ဗဟိုပြုတဲ့ ခံစားချက်သံသရာထဲကနေ ခွာထွက်ဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းက ကိုယ်မဟုတ်တဲ့ လူတွေ ၊ ပတ်ဝန်းကျင်တွေနဲ့ အရာဝတ္ထုတွေကို စိတ်ဝင်စားလိုက်တာပါပဲ။ ဒါကြောင့်ပဲ Stress များလာရင် အလုပ်နားပြီး မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးတွေ သွားဖို့ အကြံပေးကြတာ ဖြစ်ပါတယ်။