အိမ်မှာပဲ အိပ်လိုက်စားလိုက် အနေများရင် ဝိတ်တက်တာ သဘာဝပါပဲ။ ကိုယ်အလေးချိန် တက်လာတာအပြင် နောက်ထပ်ကြုံရတဲ့ပြဿနာက မျက်နှာမှာပါ အဆီတက်လာခြင်းပဲ ဖြစ်ပါတယ်။ မျက်နှာအဆီတက်လာရင် ပါးအိတ်တွေ တွဲပြီး မျက်နှာကြီး မို့အစ်အစ်နဲ့ ကြည့်လို့မကောင်း ဖြစ်လာတတ်ပါတယ်။ ဒီပြဿနာကို အလွယ်လေး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) အငန်မစားနဲ့
Photo: holrmagazine
အာဟာပညာရှင်တွေကတော့ မျက်နှာအဆီကျချင်ရင် ဆိုဒီယမ်မြင့်တဲ့အစားတွေ လျှော့ဖို့ ပြောပါတယ်။ ဆိုဒီယမ်မြင့်တဲ့အစားအသောက်တွေ စားတိုင်းမှာ ရေပိုထိန်းသိမ်းဖြစ်လို့ အသားအရေ ပွယောင်းဖောင်းကားလာနိုင်ပါတယ်။ ဆိုဒီယမ်မြင့်တဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဆားသိပ်ထားတဲ့ တာရှည်ခံအစားအသောက်တွေ ၊ အာလူးကြော် ၊ ပီဇာ ၊ ဝက်ပေါင်ခြောက် ၊ ငါးပိငါးခြောက်တွေ စားတာမျိုး ရှောင်ပါ။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ သစ်သီးသစ်ရွက် နဲ့ ပဲမျိုးနွယ်ဝင်တွေ များများစားပါ။
(၂) အယ်လ်ကိုဟောပါတာ ရှောင်ပါ
Photo: holrmagazine
အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်ရေဓါတ်ခမ်းစေပြီး မျက်နှာတွေ ထူအမ်းမို့ဖောင်းလာစေနိုင်ပါတယ်။ တတ်နိုင်သမျှ အယ်လ်ကိုဟောပါတဲ့ ယမကာတွေ သောက်သုံးမှု ရှောင်ကြဉ်ပါ။ သောက်ချင်ရင်တော့ Non-Alcoholic Beer မျိုး ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ရေများများသောက်ပေးခြင်းဟာလည်း ကိုယ်တွင်းမှာ ရေဓါတ်အောင်းခြင်း ၊ ရေဓါတ်ပြည့်တင်းခြင်းအတွက် အရေးပါတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ရေများများသောက်ပေးခြင်းအားဖြင့် မျက်နှာထဲ အရည်အိတ်ဖောင်းနေတဲ့ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။
(၃) Facial Exercises လုပ်ပါ
Photo: holrmagazine
မျက်နှာနည်းနည်း ဖောနေတယ်ခံစားရရင် လေ့ကျင့်ခန်းလေးတွေ လုပ်နိုင်ပါတယ်။ ပါးနှစ်ဖက်ချိုင့်သွားအောင် နှုတ်ခမ်းတွေ စုထားတဲ့အနေအထားနဲ့ စက္ကန့်အနည်းငယ်ကြာအောင် နေပါ။ နောက်တစ်နည်းက ခေါင်းကို ဖြည်းဖြည်းချင်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပေးပါ။ အောက်မေးရိုးကို လျှော့ချ (ပါးစပ်ဟပြီး) ပြန်တင် (ပါးစပ်စေ့) ပါ။ လည်ပင်းကြွက်သားတွေ တင်းရာကနေ လျှော့ချလိုက်ချိန်မှာ စက္ကန့်အနည်းငယ်ကြာအောင် ခဏနားပြီး ထိန်းထား ၊ ဆက်လုပ်ပါ။
နောက်တစ်နည်းက ကိုယ့်ဘယ်ဘက်ခြမ်းကို ငေးကြည့် ၊ စက္ကန့်အနည်းငယ်လောက် ကြာရင် ညာဘက်ခြမ်းကို ဒီနည်းအတိုင်း ပြန်ငေးကြည့်။ မျက်လုံးကို တင်းနေအောင် ပိတ်ထားပြီး မျက်ခွံတွေကို စက္ကန့်အနည်းငယ်လောက် တင်းရှုံ့ထားပါ။ ပြီးရင် ကိုယ်တတ်နိုင်သလောက် မျက်စိကို ကျယ်ကျယ်ဖွင့်ထားပါ။ အားကစားလုပ်ပြီးချိန်မှာ လက်ချောင်းတွေနဲ့ မျက်နှာပြင် အထက်ကနေ အောက်ကို လျှော့လျှော့ပြီး လိုက်နှိပ်ပေးပါ။