ကော်ဖီခွက်တစ်ခွက်အတွက် ပိုက်ဆံဘယ်လောက် သုံးချင်ပါသလဲ။ မြန်မာငွေ ထောင်ဂဏန်းလောက်ထက် ပိုသုံးချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Luxury ကျကျ သုံးချင်ရင်တော့ ၂၃၄၅ ဒေါ်လာ (မြန်မာငွေ ၃၈ သိန်းခွဲ) တန် Louis Vuitton ကော်ဖီခွက် ရှိပါတယ်။

တကယ်တော့ ခွက်တောင် မဟုတ်ပါဘူး။ ခွက်ထည့်တဲ့ အိတ်လို့ ဆိုရမှာပါ။ ကြိုးသိုင်းလည်း ပါလို့ လယ်သာဆလင်းဘတ်လို ကြိုးတရမ်းရမ်းနဲ့ လမ်းသလားရင်း ကိုယ့်မှာ ရှိတာ ထုတ်ကြွားဖို့ ထုတ်ထားတာပါ။ ပုံမှန်ဆို ကော်ဖီဆိုင်တွေက ကော်ဖီကို ခွက်နဲ့ ထည့်ရောင်းတာ ဖြစ်လို့ ကော်ဖီသောက်ဖို့ ခွက်မရှိမှာ ပူစရာတော့ လိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း LV ကို ချမ်းသာအောင် လုပ်ပေးချင်တဲ့ Consumer တွေကတော့ တန်ဖိုးကြီး Macbook ထက်ဈေးအပြတ်အသတ် မြင့်တဲ့ ခွက်ကို ဝယ်ကိုင်ဖို့ ရှိပါတယ်။

$3,000 Louis Vuitton Coffee Cup

Photo: Man Of Many

Louis Vuitton Coffee Cup Pouch ကော်ဖီခွက်ကို Virgil Abloh’s Everyday LV Fall/Winter 2021-22 ရှိုးမှာ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပြီး သာမန်ခွက်တွေထက် နည်းနည်း ပိုကြီးမယ်။ လည်ပင်းမှာ လွဲသွားလို့ ရမယ့် ကြိုး Strap တစ်ခု ပါမယ်။ ကော်ဖီခွက်ရှေ့မှာ LV brand ပြူးတူးပြဲတဲကြီးနဲ့ လာပါတယ်။ အပေါ်မှာ အဖြူရောင် လယ်သာဖုံး နဲ့ ဇစ်နှစ်ဖက်တပ်ထားပါတယ်။ ဒါပါပဲ။

ပုံမှန်လူတစ်ယောက်အနေနဲ့တော့ ဘယ်နားကြည့်ကြည့် Louis Vuitton ပါအောင် လုပ်ထားတာကလွဲရင် ဒေါ်လာ ၂၀၀၀ ကျော်တန်တဲ့ ခွက်တစ်ခုအဖြစ်လက်ခံဖို့ ခက်မှာ အမှန်ပါပဲ။ Luxury နဲ့ ပုံမှန်ထုတ်ကုန်တစ်ခုရဲ့ ကွာခြားချက်အတိုင်း အသုံးပြုနိုင်တာချင်း တူရင်တောင် အမှတ်တံဆိပ်တွေက အာရုံကိုပို နှိုးဆွနိုင်တဲ့သဘောပါ။ iPhone နဲ့ သာမန် အန်းဒရိုက်ဖုန်းတစ်လုံးဟာ သင့်ရဲ့ လိုအင်နဲ့ အသုံးချချင်မှုကို ဖြည့်ဆည်းပေးနိုင်တာချင်း တူပါတယ်။ ဒါပေမယ့်လည်း သင့်ကို ခံစားရအောင် လုပ်ပေးနိုင်တာက iPhone ဖြစ်နေသလိုမျိုးပါပဲ။

Louis-Vuitton-Coffee-Cup

Photo: Man Of Many

ဈေးကွက်ထဲမှာ တစ်ခါသုံးကော်ဖီခွက်ကနေ သင်အမြတ်တနိုး သွားလေရာ သယ်သွားနိုင်တဲ့ ကော်ဖီခွက်အမျိုးမျိုး ရှိပါတယ်။ ကော်ခွက်ကြိုက်သလား ၊ စတီးလား ၊ ကြွေခွက်လား ။ ဈေးသက်သက်သာသာနဲ့ ဝယ်သုံးနိုင်တဲ့ ခွက်တွေမှ အများကြီးပါပဲ။ ဒါပေမယ့်လည်း သင့်မှာ ပိုက်ဆံတွေ လျှံနေအောင် ပေါများနေပြီး LV တံဆိပ်ကြီးနဲ့ လည်ပင်းမှာ ဆွဲပြီး သွားလေရာ ရှိုးထုတ်စရာ ကော်ဖီခွက်လိုရင်တော့ မြန်မာငွေ သိန်း ၄၀ နီးပါးတန် Louis Vuitton Coffee Cup Pouch ခွက်က ရွေးချယ်စရာဖြစ်ပါလိမ့်မယ်။

Featured Image Source : Man Of Many