ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ အလုပ်လုပ်နေရပါမယ်။ အလုပ်ဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ နဲ့ အတန်းအစားတစ်ရပ်ဆိုလည်း မမှားပါဘူး။ လူတော်တော်များများအတွက် ကိုယ်လုပ်နေတဲ့ အလုပ်ကို အကြိုက်ကြီး မဟုတ်သလို မကြိုက်လှဘူးရယ်လို့လည်း မဟုတ်ပါဘူး။
အသက်မွေးမှုအတွက် အလုပ်လုပ်ကိုင်ရာမှာ တစ်ချို့အရာတွေကို ကြိုက်စရာမလိုတာတော့ အမှန်ပါ။ ဒီလိုပါပဲ။ အလုပ်အကိုင်တစ်ခု ပြောင်းတယ်ဆိုတာလည်း လက်ရှိအလုပ်ကို မုန်းလို့တော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်မွေးမှုတစ်ခု ပြောင်းဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စမှန်းတော့ အားလုံးပဲ လက်ခံထားကြပါတယ်။ ဒါဆို ဘယ်လိုအခြေအနေကျမှ အလုပ်အကိုင် ပြောင်းသင့်သလဲ။

(၁) စိတ်မပါတော့ဘူး

photo: pandasecurity

အလုပ်တစ်ခုမှာ စိတ်မပါတော့တာဟာ ယာယီအခြေအနေလည်း ဖြစ်တတ်သလို ဘယ်လိုမှ ဆက်သည်းခံမနေချင်အောင် စိတ်ကုန်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မေးပါ။ ဘာကြောင့် အလုပ်ကို မသွားချင်တော့တာလဲ။ ဘာကြောင့် သောကြာနေ့ မြန်မြန်‌ရောက်စေချင်နေတာလဲ။ အလုပ်မှာ မပျော်နိုင်တော့တဲ့ ကိုယ့်ရဲ့ ပြဿနာက ဘာလဲ။

(၂) ကိုယ့်အတွက် အန္တရာယ်ရှိတဲ့ အလုပ်ခွင်ဖြစ်နေတယ်

Photo: mybusiness

တစ်ချို့အလုပ်တွေက အသက်နဲ့ ရင်းရတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒီလို အလုပ်တွေ လုပ်ရပြီဆိုရင် မေးခွန်းတစ်ချို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဘာကြောင့် ဒီအလုပ်လုပ်နေတာလဲ။ ဘာတွေ / ဘယ်သူ့အတွက် အကျိူးရှိလို့လဲ။ ဒီအလုပ် မလုပ်ဘဲ တစ်ခြားအလုပ်ပြောင်းရင်ရော အဆင်မပြေနိုင်ဘူးလား။

(၃) ဒီအလုပ်က ခေတ်မရှိတော့ဘူး

Photo: Unsplash

နည်းပညာတွေက ဆန်းသစ်ဖွံ့ဖြိုးလာတာ အံ့မခန်းပါ။ နည်းပညာခေတ်မှာ အံမဝင်တော့တဲ့ အလုပ်အကိုင်တွေဟာ မကြာခင် မျိုးတုံးပျောက်ကွယ်သွားတော့မှာ သေချာပါတယ်။ ကိုယ့်အသက်မွေးမှုဟာ ရှေ့အနာဂါတ်မှာ မသေချာတဲ့ လမ်းဆုံးမှာ ဂိတ်ဆုံးရတော့မယ်ဆိုရင် ခေတ်နဲ့ လျော်ညီပြီး တက်လမ်းရှိတဲ့ အသက်မွေးဝမ်းကြောင်းသစ် ပြောင်းဖို့ လုပ်ပါ။

(၄) ကိုယ့်အတွက် ဘာမှ မကျန်ဘူး

Photo: venta

Work-Life Balance လို့ ခေါ်နေကြတဲ့ အလုပ်နဲ့ ဘဝဟန်ချက်မမျှအောင် ရုန်းကန်နေရတဲ့အလုပ်။ အလုပ်ကြောင့် မိသားစု ၊ မိတ်ဆွေနဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာစေတဲ့ အလုပ် ၊ မပြီးနိုင်တဲ့ စစ်ပွဲတိုက်နေရသလို အသေအကြေ လုပ်ကိုင်နေရတဲ့ အလုပ် ။ ဒီအလုပ်တွေထဲ နစ်နေရင် အကောင်းဆုံးက အသက်မွေးဝမ်းကြောင်း ပြောင်းသင့်တယ်လို့ ဆိုချင်ပါတယ်။