မနက်စာကို ရှင်ဘုရင်လို စားရမယ်ဆိုတဲ့ ဆိုရိုးစကားလေးကို ကွီးတို့ကြားဖူးကြမယ် ထင်ပါတယ်။ မနက်စာဆိုတာ တစ်နေ့တာအတွက် အစား ၃ နပ်မှာ အရေးကြီးဆုံး တစ်နပ်လို့ ပြောလို့ရပါတယ်။ ဘာလို့ဆို တစ်နေ့တာလုံး လှုပ်ရှားသွားလာဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို မနက်စာက ဖြည့်တင်းပေးတာကြောင့်ပါ။ ဒါပေမယ့် တချို့သော အစားအစာတွေက မနက်ခင်းမှာ မနက်စာအဖြစ် စားဖို့မသင့်တော်တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေရှိတယ်ဆိုတာလည်း သတိပြုဖို့ လိုပါတယ်။  ဘယ်လိုအစားအစာတွေက မနက်စာအဖြစ်မစားသင့်ဘူးလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ပေါင်မုန့်ထောပတ်သုတ်

Buttered toast
Photo : The Sun

မနက်ခင်းမှာ လွယ်လင့်တကူစားနိုင်တဲ့ မနက်စာတစ်ခုအဖြစ် ပေါင်မုန့်ထောပတ်သုတ်ကို စားလေ့ရှိကြပါတယ်။ သတိထားရမှာတစ်ခုက ထောပတ်ဟာ ပြည့်ဝဆီများစွာ ပါဝင်တာကြောင့် ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း တက်လာစေနိုင်ပါတယ်။ အဲ့ဒီအစား peanut butter လို့ခေါ်တဲ့ မြေပဲထောပတ်ကို ပေါင်မုန့်နဲ့ တွဲစားတာက ပိုသင့်တော်တဲ့ မနက်စာတစ်ခုဖြစ်စေမှာပါ။

(၂) Muffins

Muffins

Photo : Simply Recipes

ပုံမှန်အားဖြင့် Muffins တွေမှာ oats နဲ့ သစ်သီးတွေ ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာအဖြစ် လက်ခံထားမိတက်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းနေတဲ့ အယူအဆတစ်ခုပဲ ဖြစ်ပါတယ်။ Muffins အများစုဟာ သန့်စင်ပြီးသား ဂျုံမှုန့်၊ ဆီနဲ့ သကြားများစွာတို့ပါဝင်တဲ့အတွက် ကယ်လိုရီအလွန်များတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ သကြားနဲ့ကယ်လိုရီများတဲ့ အစားအစာတွေဟာ စွမ်းအင်ကုန်ခမ်းစေပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

(၃) ပြုပြင်ထားတဲ့အသားများ

 Processed meats

Photo : Healthline

ဘေကွန် ၊ ဝက်အူချောင်းနဲ့ တခြားသော ပြုပြင်ထားတဲ့အသားတွေဟာ မနက်ခင်းအတွက် အချိန်ကုန်သက်သာပြီး ဗိုက်ပြည့်စေတဲ့ မနက်စာတစ်ခွက်ဖြစ်ပေမယ့် ကျန်းမာရေးအရတော့ မစားသင့်တဲ့ အစားအစာစာရင်းမှာ ပါပါတယ်။ ဒီလိုအစားအစာတွေမှာ ဆားပါဝင်မှုက ပုံမှန်ထက်ကို ပိုများပါတယ်။ အာဟာရဓာတ်နည်းပြီး အဆီနဲ့ ဆားပါဝင်မှုများတဲ့အတွက် သွေးတိုးရောဂါဖြစ်နိုင်ခြေများတဲ့ အစာအစားတွေပဲ ဖြစ်ပါတယ်။

(၄) ဟင်းခတ်အမွှေးအကြိုင်များတဲ့ အစားအစာတွေ

 Spicy Foods
Photo : Eat This, Not That

ဟင်းခတ်အမွှေးအကြိုင်များတဲ့ အစားအစာတွေကတော့ မြန်မာပါးစပ်အကြိုက် အစားအစာတွေပဲ ဖြစ်ပါတယ်။ သို့သော်လည်း ငရုပ်သီး ၊ ငရုပ်ကောင်းနဲ့ နနွင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက မနက်ခင်းအစာအိမ်ထဲ အစာခံမရှိချိန်မှာစားမယ်ဆိုရင် အက်စစ်ဓာတ်ကို ပိုများစေတာကြောင့် အစာခြေစနစ်ကို ကမောက်ကမဖြစ်စေပြီး အစာအိမ်နဲ့ပတ်သတ်တဲ့ ဗိုက်အောင့်ခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

Featured Photo : Healthline