သွားနှင့်ခံတွင်းကျန်းမာရေးက မေ့လျော့ပေါ့ဆမနေသင့်တဲ့ ကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။ သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာရေးကို အလေးမထားတာနဲ့ အရင်ဆုံးသိသာလာမှာက ခံတွင်းအနံ့ဆိုးထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ခံတွင်းနံ့ဆိုးထွက်ခြင်းက ကိုယ်တိုင်လည်း ယုံကြည်မှုလျော့နည်းစေနိုင်သလို ပတ်ဝန်းကျင်ကလူတွေကိုလည်း အနှောက်ယှက်ဖြစ်စေပါတယ်။ ဒီနေ့တော့ ခံတွင်းနံ့ဆိုးဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) သန့်ရှင်းမှုအားနည်းခြင်း

Source : Healthline
ခံတွင်းနံ့ဆိုးဖြစ်ရခြင်းက အဓိက အကြောင်းအရင်းတစ်ချက်က ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းကြောင့်ဖြစ်ပါတယ်။ သင်ရဲ့ သွားနှင့်ခံတွင်းကို မှန်မှန်သန့်ရှင်းရေးမလုပ်ဘူး ၊ အစားစားပြီးတိုင်း ပလုတ်မကျင်းဘူး ၊ အနည်းဆုံး တစ်နေ့ ၂ ကြိမ်သွားပုံမှန်မတိုက်ဘူးဆိုရင် စာကြွင်းစားကျန်တွေကနေတဆင့် ဘက်တီးရီးယားတွေပေါက်ဖွားလာနိုင်ပြီး ခံတွင်းအနံဆိုးတွေထွက်ပေါ်လာနိုင်ပါတယ်။ သွားနှင့်ခံတွင်း သန့်ရှင်းမှုမရှိဘူးဆိုရင်ရေရှည်မှာ အခေါင်းပေါက်များနှင့် သွားဖုံးရောဂါများ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
(၂) အနံ့ပြင်းတဲ့အစားအစာများစားခြင်း

Source : Motion Array
ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဟင်းခက်အမွေးအကြိုင်နဲ့ ကော်ဖီကဲ့သို့ အနံ့အသက်ပြင်းတဲ့ အစားအစာတွေ စားခြင်းကလည်း ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။ အဆိုပါ အစားအစာတွေကိုစားသုံးပြီးတဲ့နောက် အစာချေဖျက်ရာကနေ ကျန်ခဲ့အစားအစာအမှုန်အမွှားတွေကို သွေးကြောတွေမှတစ်ဆင့် အဆုတ်အထိပို့ဆောင်ပေးတာကြောင့် အသက်ရှုထုတ်တိုင်းမှာ ခံတွင်းအနံ့ဆိုးတွေ ထွက်နေစေတာဖြစ်ပါတယ်။ဒါကြောင့် ဒီလိုအစားအစာတွေစားသုံးပြီးတိုင်းမှာ ပလုတ်ကျင်းတာ သွားတိုက်တာ ခံတွင်းနံ့ပျောက်ဆေးသုံးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
(၃) ပါးစပ်ခြောက်ခြင်း

Source : Freepik
ပါးစပ်ခြောက်ခြင်းဆိုတာ ခံတွင်းအတွင်းတံတွေးဂလင်းများ ထုတ်ပေးနိုင်မှုလျော့နည်းလာပြီး ခံတွင်းကိုစိုစွတ်မှုလျော့ကျစေတာကြောင့် အနံ့ဆိုးတွေထွက်စေတာဖြစ်ပါတယ်။ Xerostomia လို့ခေါ်တဲ့ ပါးစပ်ခြောက်ခြင်း ရောဂါရှိသူတွေအနေနဲ့ ခံတွင်းနံ့ဆိုးထွက်ခြင်းကို ဖြစ်စေနိုင်သလို နာတာရှည်ရောဂါဝေဒနာရှင်တွေအနေနဲ့ သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း ပါးစပ်ခြောက်ခြင်းကိုဖြစ်စေပြီး အနံ့ဆိုးတွေထွက်နိုင်ပါတယ်။
(၄) ဆေးလိပ်နှင့်အရက်အလွန်အကျွံသောက်ခြင်း

Source : istock
ဆေးလိပ်နှင့်အရက်အလွန်အကျွံသောက်သုံးခြင်းကလည်း ခံတွင်းနံ့ဆိုးခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဆေးလိပ် အရက်ကို အလွန်အကျွံသောက်သုံးမိမယ်ဆိုရင် သွားဖုံးတစ်ရှုးများကိုလည်း ပျက်စီးစေတာကြောင့် အနံ့ဆိုးထွက်ရုံသာမက ရေရှည်မှာ သွားဖုံးကင်ဆာဖြစ်နိုင်ဖို့ ရာခိုင်နှုန်းပိုများသလို သွားနှင်ခံတွင်းကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေနိုင်ပါတယ်။
