ရေသောက်သုံးမှု မြင့်မားခြင်းဟာ ကျန်းမာရေးကောင်းကျိုး အများကြီး ပေးတဲ့ အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ လူတော်တော်များများကတော့ ရေ‌သောက်လို့ ရတဲ့ အကျိုးကျေးဇူးတွေ သိပေမယ့် ရေမသောက်ဖြစ်ကြပါဘူး။ အကြောင်းပြချက် အမျိုးမျိုး ရှိပေမယ့် ရေဆိုတာ တစ်ခြားအဖျော်ယမကာတွေလိုတော့ သောက်လို့ မကောင်းတာ အမှန်ပါပဲ။

ဒီတော့ ရေဓါတ်လည်း ပြည့်နေရမယ်။ ရေကိုလည်း သောက်ဖြစ်စေချင်တယ်ဆိုရင် ပုံမှန်ရေသောက်နေကျ ပုံစံနဲ့ မတူတဲ့ နည်းလမ်းလေးတွေ သုံးဖို့ လိုပါတယ်။

(၁) ရေမှာ သဘာဝသစ်သီးနံ့ ထည့်သောက်ပါ

Photo: MensJournal

ရေကို ပလိန်းကြီး သောက်တာက ဆွဲဆောင်မှု မရှိပါဘူး။ သံပုရာခြမ်းကလေး ဖြစ်ဖြစ် သခွားသီးစိတ်နဲ့ စတော်ဘယ်ရီသီးခြမ်းလေးတွေ ထည့်ပြီး ဖြစ်ဖြစ် သောက်ကြည့်ပါ။ ရေသောက်လို့လည်း ပိုကောင်းသလို လူလည်း ပိုပြီး လန်းဆန်း ကြည်လင်စေမှာ အမှန်ပါပဲ။

(၂) တစ်နေ့ ရေဘယ်လောက် သောက်ဖြစ်လဲ ကြည့်နေပါ

Photo: MensJournal

တစ်နာရီကို ရေတစ်ဖန်ခွက် အနည်းဆုံး သောက်မယ်လို့ ဆုံးဖြတ်ကြည့်ပါ။ ရာသီဥတုပူတဲ့နေ့မျိုးမှာ တစ်နေ့ကို ရေ၁၃ ခွက်လောက်အထိ သောက်မယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ရေသောက်ထားတာကိုလည်း မှတ်တမ်း လုပ်ထားသင့်ပါတယ်။ ဥပမာ- ရေဗူးမှာ ၁ ဗူးကုန်ရင် ၁ ၊ နှစ်ဗူးကုန်သွားရင် ၂ လို့ မှတ်သားတာမျိုးကလည်း ကိုယ် ရေဘယ်နှစ်ဗူး သောက်ဖြစ်ပြီလဲ ပြန်ကြည့်လို့ ရစေမှာပါ။

(၃) Reminder ထားပါ

Photo: MensJournal

စမတ်ဖုန်းတွေမှာလည်း ရေသောက်ဖို့ Reminder ပါလာပါပြီ။ ဈေးသက်သာတဲ့ စမတ်လက်ပတ် ၊ စမတ်နာရီတွေမှာလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပြု သတိပေးတာတွေ ထည့်သွင်းထားပါတယ်။ ဒီထဲမှာ တစ်နာရီကြာတိုင်း ရေတစ်ဖန်ခွက်သောက်ဖို့ သတိပေးခိုင်းလို့လည်း ရပါတယ်။ ရေသောက်ရမယ့်အချိန်မှာ လက်ဖက်ရည်နဲ့ အဖျော်ယမကာတွေကို မ‌သောက်ဖြစ်အောင် ထိန်းချုပ်ဖို့လည်း လိုပါတယ်။

(၄) Challenge ခေါ်ပါ

Photo: Runtastic

ဒီနည်းကတော့ ကိုယ့်ကိုယ်ကို Motivation ပေးတဲ့ နည်းဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၄ လီတာနှုန်းနဲ့ ၃ ပတ်ဆက်တိုက် သောက်မယ်လို့ ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်တယ်ဆိုရင် အဲဒီ Challenge အောင်မြင်တိုင်း ကိုယ့်ကိုယ်ကိုအစားကောင်းတစ်ခုခု ကျွေးတာ ၊ လက်ဆောင်ပြန်ပေးတာမျိုး လုပ်သင့်ပါတယ်။ဒါဆိုရင်တော့ ရေသောက်ဖြစ်ဖို့လည်း စိတ်က နိုးကြားနေမှာ ဖြစ်သလို ရေသောက်ခြင်းကြောင့် ရလာတဲ့ အကျိုးတွေကိုလည်း ပိုပြီး မြင်လာမှာ ဖြစ်ပါတယ်။