အစဉ်အလာ ဖြစ်နေတဲ့ တစ်ပတ်ကို ၅ ရက် အလုပ်ဆင်းရတာထက် စာရင် ၄ ရက် အလုပ်လုပ်တဲ့ စနစ်ဟာ ဝန်ထမ်းတွေ အလုပ်မှာ ပိုမြဲပြီး လုပ်အားလည်း ပိုကောင်းစေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။
ဒီနည်းစနစ်ကို နယူးဇီလန်မှာ ရှိတဲ့ Perpetual Guardian ကုမ္ပဏီကို တည်ထောင်သူ အန်ဒရူး ဘန်းနက်စ်က အကောင်အထည်ဖော်ခဲ့ပြီး ရလဒ်ကောင်းတွေ ရထားတယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။ တစ်ပတ် ၄ ရက် အလုပ်ဆင်းတဲ့ အစီအစဉ်ကို အန်ဒရူး ဘန်းနက်စ်ဟာ ၂၀၁၈ ကတည်းက စတင်ခဲ့ပြီး ဒီစနစ်ကြောင့် ဘန်းနက်စ်ရော သူ့ဝန်ထမ်းတွေပါ ပျော်ရတယ်လို့ ဆိုပါတယ်။

Photo: Freepik

“အလုပ်လုပ်တာ စမတ်ကျဖို့က အရေးကြီးဆုံးပါ။ အလုပ်ချိန် ကြာတာနဲ့ တွက်လို့ မရပါဘူး” လို့ အိမ်ခြံမြေ လုပ်ငန်း လုပ်နေတဲ့ ဘန်းနက်စ်က ပြောပါတယ်။ ရုံးချိန် လျှော့ချလိုက်တာကြောင့် အလုပ်ချိန်နာရီအတွင်းမှာ ဝန်ထမ်းတွေဟာ ပိုပြီးထိထိရောက်ရောက် အာရုံစိုက်နိုင်ပြီး လုပ်အားတွေ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော် ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Microsot ကလည်း ဂျပန်မှာရှိတဲ့ ကုမ္ပဏီရဲ့ ရုံးခွဲမှာ တစ်ပတ်ကို ၄ ရက်ပဲ အလုပ်လုပ်တဲ့ စနစ်ကျင့်သုံးပြီးနောက် ထုတ်လုပ်မှုစွမ်းအား ၄၀% တက်လာခဲ့ပြီး ကုန်ကျစရိတ်တွေလည်း သက်သာလာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Photo: Pexels

Microsoft ဂျပန်ရုံးတွေမှာ တစ်ပတ် ၄ ရက် အလုပ်ဆင်းတဲ့ စနစ်ကို တစ်လတာ ကျင့်သုံးပြီးချိန်မှာ လျှပ်စစ်မီတာခလည်း ၂၃.၁% လျော့ကျသွားသလို စက္ကူပရင့်ထုတ်မှုလည်း ၅၈.၇% အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။
တစ်ပတ် ၄ ရက် အလုပ်ဆင်းစနစ်ကို ဘာလင်အခြေစိုက် ပရောဂျက်စီမံရေး ကုမ္ပဏီ Planio နဲ့ ကြော်ငြာအေဂျင်စီတစ်ခု ဖြစ်တဲ့ Grey New York တို့လည်း ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ဒီစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဖို့ကတော့ လွယ်ဦးမှာ မဟုတ်ပါဘူး။