လုပ်ငန်းခွင်နယ်ပယ်တွေမှာ လုပ်ရည်ကိုင်ရည်ကောင်းတဲ့သူတွေကို Productive ဖြစ်တယ်လို့ ပြောကြပါတယ်။ လုပ်ရည်ကိုင်ရည်ကောင်းတဲ့သူဟာ သတ်မှတ်ထားတဲ့ အလုပ်တွေကို အချိန်မီပြီးအောင် လုပ်နိုင်ပြီး အလုပ်လုပ်တိုင်း ပြောစမှတ်တွင်အောင် ထက်ထက်မြက်မြက် အစွမ်းပြနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ လုပ်ရည်ကိုင်ရည်မြင့်တဲ့ လူတစ်ယောက်ဖြစ်ချင်ရင် အခုပြောမယ့် အချက်တွေ မလုပ်မိအောင် ရှောင်ကြဉ်ပေးဖို့ လိုပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် Overload ခိုင်းတာ

serious-young-businessman-looking-financial-report-seem-like

Photo: Freepik

လုပ်နိုင်ကိုင်နိုင်စွမ်းရဲ့ အဓိကရန်သူတွေထဲက တစ်ခုက လုပ်စရာတွေအကုန်ကို စုပြုံပြီး လုပ်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်နိုင်တာထက် ပိုပြီး Overload ဖြစ်အောင် ခိုင်းလိုက်တဲ့အခါ လုပ်စရာတစ်ခုချင်းကို အာရုံမစိုက်နိုင် ဖြစ်သွားတတ်ပါတယ်။ အလုပ်တစ်ခုချင်းစီကို အာရုံမစိုက်နိုင်ရာကနေ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ဟာ ကစဉ့်ကလျားဖြစ်ပြီး ကျဆင်းသွားနိုင်ပါတယ်။

ဒါကြောင့် Productivity ကောင်းဖို့အတွက် ဟိုစပ်စပ်ဒီစပ်စပ် တစ်ခါတည်း အလုပ်အများကြီး လုပ်တဲ့ Multitasking တွေ ရှောင်ပါ။ ဟိုဟာ လုပ်ရနိုးနိုး ဒီဟာကိုင်ရနိုးနိုး မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် Options လိုတာထက် ပိုမပေးမိပါစေနဲ့။ ငြင်းသင့်တဲ့ ကိစ္စတွေမှာ No လို့ ပြောထွက်ပါစေ။ လုပ်စရာအားလုံးကို ကိုယ်ချည်းပဲ လိုက်လုပ်နေတာမျိုးမလုပ်ဘဲ တာဝန်ခွဲပေးတတ်ဖို့ လိုပါတယ်။ နောက်ပြီး ကိုယ့်အတွက် အနားယူဖို့ အချိန်ထားပါ။

(၂) Plan မရှိတာ ၊ Planning မကောင်းတာ

list-tablet-man-hands

Photo: Freepik

အစီအစဉ်ဆွဲခြင်းဆိုတဲ့ Planning ဟာ Productivity ရဲ့ ဗဟိုချက်ပါပဲ။ အစီအမံကောင်းရင် ရလဒ်ကောင်းမယ်ဆိုတာ သိထားပါ။ ဒါကြောင့် လုပ်ရည်ကိုင်ရည် မြင့်မားချင်ရင် အမြဲတမ်း အစီအစဉ်ရေးဆွဲတဲ့ အကျင့်လုပ်ထားပါ။ ပုံမှန် လုပ်ရိုးလုပ်စဉ် Plan တစ်ခု ထားပါ။ တစ်နေ့တာ လုပ်စရာ To-Do List ရှိပါစေ။ အဓိကအကျဆုံး ဦးစားပေးကိစ္စတွေ လုပ်နိုင်ဖို့ TDL တစ်ခါဆွဲရင် တစ်နေ့မှာ အများဆုံး လုပ်စရာ Task ၅ ခုပဲ ထားဖို့လည်း အကြံပေးချင်ပါတယ်။

(၃) အနားမှာ အာရုံနောက်စရာတွေ ထားတာ

young-student-man-tired-computer-sitting-cafe-table-with-laptop

Photo: Freepik

လူတစ်ယောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့ အလုပ်လုပ်နိုင်စွမ်းကို အားနည်းစေတဲ့အရာတွေထဲမှာ အာရုံနှောက်ယှက်တဲ့အရာတွေကို ရင်ဆိုင်ရတာလည်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ လူ့စိတ်အာရုံကို ထွေပြားအောင် လုပ်နိုင်တဲ့ အနှောင့်အယှက်တွေကလည်း နေရာတိုင်းမှာလိုလို ရှိနေတာပဲမလား။

စမတ်ဖုန်းတွေသုံးရင်း ဖုန်းထဲမှာပဲ အာရုံနစ်သွားလို့ လုပ်စရာကိစ္စတွေ လစ်ဟင်းပြီး အလုပ်အကြွေးတင်တာမျိုး ၊ ဘေးပတ်ဝန်းကျင်က အသံဆူညံလွန်းလို့ အလုပ်မှာ စိတ်မစိုက်နိုင်တာမျိုး ၊ အီးမေးလ်တွေချည်း လှိမ့် Reply ပြန်လို့ အလုပ်မလုပ်ဖြစ်တာမျိုး စသည်စသည်ဖြင့် ပြောမကုန်အောင် များတဲ့ အနှောင့်အယှက်တွေ ရှိပါတယ်။

အာရုံနောက်သက်သာဖို့အတွက် တချို့အရာတွေက ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထားပြီး အလုပ်လုပ်လို့ ရသလို တချို့အချိန်တွေမှာ စိတ်အာရုံကို ပိုစုစည်းနိုင်အောင် ကူညီပေးတဲ့ပတ်ဝန်းကျင်မှာ ပြောင်းပြီး အလုပ်လုပ်တာမျိုး လုပ်သင့်ပါတယ်။ စိတ်ကိုလည်း ပြင်ဆင်ထားတဲ့အနေနဲ့ စိတ်အာရုံစူးစိုက်မှု မြင့်တက်စေဖို့ တရားထိုင်တာ ၊ ယောဂကစားတာ ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာမျိုးလည်း လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) Perfect ဖြစ်ချင်လွန်းတာ

businessman-is-sitting-stairs-with-his-handbag-he-is-failed-his-job-he-is-serious-tired-upset-his-work-is-success-he-has-headache-from-his-stress

Photo: Freepik

အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ ချို့ယွင်းချက်လုံးဝမရှိအောင် ဇီဇာကြောင်လွန်းတာမျိုးတော့ မဖြစ်ပါစေနဲ့။ မှားသွားတာတွေ ရှိလာရင် အမှားကနေ သင်ယူမယ်လို့ စိတ်ကို ပြင်ဆင်ပါ။ ရှုံးသွားရင် အနိုင်ရမယ့်နည်းလမ်းသစ် ရှာဖွေမယ်လို့ ဆုံးဖြတ်ပါ။ ခက်ခဲတဲ့အခြေအနေတွေမှာ မျှော်လင့်ချက် ထားတာ နဲ့ အတွေ့အကြုံကနေ သင်ခန်းစာ ထုတ်နှုတ်နိုင်စွမ်းဟာ လူတစ်ယောက်ကို တစ်နေ့ထက်တစ်နေ့ ပိုပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့လူ ဖြစ်အောင် တွန်းပို့ပေးသွားမှာပါ။