လူတိုင်းလူတိုင်းကတော့ ဘဝမှာကြွယ်ဝချမ်းသာစွာ နေထိုင်ချင်ကြသူတွေချည်းပါပဲ။ ချမ်းသာဖို့ဆိုတာ နေ့ချင်းညချင်းဖြစ်နိုင်လောက်တဲ့အထိတော့ မလွယ်ကူနိုင်တာ သေချာပါတယ်။ ဘာလို့ဆို ကံ ၊ ဉာဏ် ၊ ဝီရိယ နဲ့ပြည့်စုံပြီးဇွဲသန်စွာမဆုတ်မနစ် ကြိုးစားအားထုတ်နိုင်မှသာ အောင်မြင်ချမ်းသာခြင်းဆိုတဲ့ ပန်းတိုင်ကို ရောက်နိုင်မှာပါ။

ပိုခက်တာတစ်ခုက ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းမှာ အကျင့်ဆိုးလေးတွေ ရှိနေတက်တာပါပဲ။ သင့်အနေနဲ့ ဘဝမှာ အမှန်တကယ်ချမ်းသာကြွယ်ဝချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အလေ့အကျင့်တွေကို အပြီးတိုင်စွန့်လွှတ်ဖို့ လိုပါလိမ့်မယ်။

(၁) သက်သာရာကို ရွေးချယ်ခြင်း

 Lazy man at office
Photo : Depositphotos

ဘဝမှာ သက်တောင့်သက်သာနေထိုင်နေရုံနဲ့တော့ ချမ်းသာကြွယ်မှု ၊ အောင်မြင်ခြင်းတွေက ကိုယ့်ဆီရောက်လာနိုင်မှာ မဟုတ်ပါဘူး။ သူလို ငါလို သာမာန်ဘဝထဲက ရုန်းထွက်နိုင်ဖို့ဆိုရင် သာမာန်လူတွေထက်ကို ပိုပြီး ကြိုးစားအားထုတ်ရမယ် ၊ အပင်ပန်းခံရမယ် မဟုတ်လား။ ကိုယ့်အတွက် သက်သာရာသက်သာကြောင်းကို ရွေးချယ်ပြီး ပုံမှန်ဘဝထဲမှာနစ်မြောနေမယ်ဆိုရင် ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာဖို့ မရှိဘူးဆိုတာ သတိပြုစေလိုပါတယ်။

(၂) ရှေ့ရေးကို ကြိုမတွေးခြင်း

man using phone at office
Photo : TheJobNetwork

အနာဂတ်မှာ ပိုမိုတောက်ပတဲ့ ဘဝသစ်တစ်ခုနဲ့ ချမ်းချမ်းသာသာနေချင်ရင် အနာဂတ်ရှေ့ရေးကို မျှော်တွေးတက်ဖို့ လိုအပ်ပါတယ်။ တိကျခိုင်မာတဲ့ အနာဂတ်ရည်မှန်းချက် တစ်ခုချမှတ်ထားပြီး လက်တွေ့ကျကျအကောင်အထည်ဖော်ကြိုးစားနိုင်မှသာလျှင် ချမ်းသာအောင်မြင်တဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ ရှေ့ရေးကို ကြိုတင်တွေးဆမှုမရှိ ၊ အနာဂတ်ရည်မှန်းချက်ဆိုတာလည်း မရှိသ၍တော့ သာမာန် ရရစားစား ဘဝနဲ့ လုံးလည်ချာလည် လိုက်နေအုန်းမှာပါပဲ။

(၃) ဝင်ငွေလမ်းကြောင်း တစ်ခုတည်းအပေါ်မှီခိုခြင်း

 Young man working on sofa
Photo : Personio

ချမ်းသာတဲ့ လူအများစုကိုကြည့်မယ်ဆိုရင် သူတို့ဟာ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာပဲ ရပ်တည်ရှင်သန်နေကြတာ မဟုတ်ပါဘူး။ လုပ်ငန်းအခွဲတွေ ၊ မတူညီတဲ့ စီးပွားရေးလုပ်ငန်းစုတွေမှာ ရှယ်ယာထည့်ဝင်မှုတွေနဲ့ ဝင်ငွေကို တိုးပွားသထက် တိုးပွားအောင် ကြံဆောင်နေကြတာဖြစ်ပါတယ်။ ပြောချင်တာကတော့ သင့်အနေနဲ့ ဝင်ငွေလမ်းကြောင်း တစ်ခုပေါ်မှာပဲ ကျေနပ်အားရမနေသင့်ပဲ ကိုယ်ရဲ့ ဝင်ငွေကို ဆထက်တိုးပွားလာအောင် ရင်းနှီးမြုပ်နှံတာ ၊ ငွေပိုငွေလျှံရနိုင်မယ့် အပိုဝင်ငွေလမ်းကြောင်းရှာတာမျိုးတွေ လုပ်သင့်ပါတယ်။

(၄) အသုံးစရိတ်ကို မထိန်းချုပ်ခြင်း

 man set a budget
Photo : Ladders

လစဉ် ကိုယ့်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေကိုအမြဲချိန်ဆပြီး သင့်တင်မျှတမှုရှိမယ့် ဘတ်ဂျက်တစ်ခု ဖန်တီးထားဖို့လိုပါတယ်။ အသုံးစရိတ်ကို စီစစ်ထိန်း ချုပ်မှုမရှိပဲ ရှာနိုင်တာထက်ပိုသုံးနေမိရင် သေချာပါတယ် ချမ်းသာဖို့ဆိုတာ မဖြစ်နိုင်သလို သင့်အနေနဲ့ ငွေကြေးအခက်အခဲတွေဟာလည်း လစဉ် ရင်ဆိုင်ကြုံတွေ့နေရမယ့် ပြဿနာတစ်ခု ဖြစ်နေမှာပါ။ အဓိက ကတော့ ကိုယ်ရှာနိုင်တာထက်ပိုမသုံးမိဖို့ ၊ အသေးသုံးစရိတ်တွေကို အာရုံစိုက်ဖို့ ၊ မလိုအပ်တဲ့နေရာတွေမှာ ငွေမသုံးဖို့ စတဲ့အချက်တွေကို ကိုယ့်ကိုယ့်ကို အမြဲသတိပေးပြီး အသုံးစရိတ်ကို ကောင်းမွန်စွာစီမံခန့်ခွဲ နိုင်တာနဲ့ သင့်အနေနဲ့ ချမ်းသာဖို့ လမ်းစတစ်ခုရပြီလို့ မှတ်ယူနိုင်ပါတယ်။

Featured Photo : Prabhudas Lilladher