စိတ်ဝိညာဉ်ချင်း တစ်ထပ်တည်းကျတယ်လို့ ဆိုနိုင်တဲ့  ချစ်သူတွေ ၊ သူငယ်ချင်းတွေ မြင်ဖူးကြမှာပါ။ ဒီလိုလူတွေကို ရင်ဘတ်ချင်းတိုက်မိသူတွေလို့ ကဗျာဆန်ဆန် ပြောနိုင်ပါတယ်။ တကယ်တော့ မတူတဲ့လူနှစ်ယောက် ရင်ဘတ်ချင်းတူနိုင်ဖို့ဆိုတာ အတော်လေး ခက်ပါတယ်။

ရင်ဘတ်ချင်းတူတယ်ဆိုတာ သဘောထားချင်းတိုက်ဆိုင်ရုံမကဘဲ စိတ်ဓါတ် ၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ခံစားတတ်မှုချင်းပါ အပ်စပ်နေတာကို ပြောတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရင်ဘတ်ချင်းထပ်တူကျတယ်ဆိုတဲ့ ဘော်ဒါအပေါင်းအသင်းတွေကို ကြည့်ရင် အခုပြောမယ့် အလေ့အကျင့်လေးတွေ လုပ်လေ့ရှိတာ တွေ့ရမှာပါ။

(၁) အတူတူဆို ဘာလုပ်ရလုပ်ရ

Friends

Photo: Unsplash

သူနဲ့သာဆို ဘာပဲလုပ်ရလုပ်ရ ပြဿနာမရှိဘူးဆိုတဲ့သူငယ်ချင်းတွေ ၊ ချစ်သူတွေ ရှိကြပါတယ်။ ဒီလို ဖြစ်ရတာဟာ တစ်ယောက်ကို တစ်ယောက် ကိုးစားယုံကြည်မှုအပြင် ချစ်ခြင်းလည်း ခိုင်မြဲတာကြောင့်လို့ ပြောရမှာပါ။ နဂိုကတည်းက စရိုက်တူ ၊ ဝါသနာတူ လူနှစ်ယောက် ဖြစ်ကြတာမို့ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် တစ်ခုခုဆို သူတို့ကိုပဲ နှစ်ယောက်တွဲမြင်ကြစမြဲ ဖြစ်ပါတယ်။

(၂) ရှေ့ရေးအမြင်တူတယ်

Talking

Photo: Unsplash

လူနှစ်ယောက် စိတ်တူကိုယ်တူဖြစ်တယ်ဆိုကတည်းက သူတို့မှာ ရှေ့လျှောက်အနာဂါတ်အပေါ် အမြင်တူတာ ၊ ဘဝပေါ် ရှုမြင်ခံစားမှုတွေ တူတာ ၊ တစ်ယောက်ရဲ့ ကွဲပြားမှုကို တစ်ယောက် လေးစားအသိအမှတ်ပြုတာတွေ မပါလို့ မဖြစ်ပါဘူး။ ရင်ဘတ်ချင်းထပ်တူကျတယ်ဆိုတာ သင့်ရဲ့ နောက်တစ်ခြမ်း နောက်နံရိုးတစ်ချောင်းကို ပြောတာမဟုတ်ပါဘူး။ မတူကွဲပြားတဲ့ သီးခြားလူနှစ်ယောက် တူညီမှုတွေ များပြီး တစ်ယောက်ကွဲပြားမှုတစ်ယောက်က လက်ခံထားတာ ၊ တန်ဖိုးထားမှုချင်းတူမျှတာကို ပြောတာ ဖြစ်ပါတယ်။

(၃) ပြဿနာတွေကို အဖွဲ့အစည်းစိတ်ဓါတ်နဲ့ ရင်ဆိုင်တယ်

Workplace

Photo: Unsplash

ပေါင်းသင်းဆက်ဆံရေးတစ်ခု ခိုင်မြဲနှစ်မာရတဲ့အကြောင်းတစ်ခုက အခက်အခဲပြဿနာတွေ ကြုံတဲ့အခါ ဘယ်လိုအကောင်းဆုံးရင်ဆိုင်သွားကြလဲဆိုတာနဲ့ တိုင်းတာနိုင်ပါတယ်။ ဒုက္ခတွေနဲ့ကြုံလာချိန်မှာ စွန့်ပစ်ခံရတာလောက် နာကျင်ရတာမျိုး ချစ်သူ ၊ သူငယ်ချင်း ၊ အပေါင်းအသင်းဝန်းကျင်မှာ ရှိမှာမဟုတ်ပါဘူး။ တကယ့် ဘော်ဒါအရင်းကြီးတွေဟာ ဘယ်လောက်ပဲ ခက်ခဲတဲ့ပြဿနာ ကြုံလာပါစေ။ အတူတူဆိုတဲ့ စိတ်ဓါတ်နဲ့ ရင်ဆိုင်ဖြေရှင်းလေ့ရှိကြပါတယ်။

(၄) ကိုယ်စီအမှားတွေ ဝန်ခံချင်စိတ်ရှိကြတယ်

Hugging

Photo: Unsplash

ဘယ် Relationship တိုင်းမှ ပြီးပြည့်စုံတယ် မရှိကြပါဘူး။ တစ်ယောက်ပေါ် တစ်ယောက် မရည်ရွယ်ဘဲဖြစ်ဖြစ် အမှားလုပ်မိတတ်ကြတာပါပဲ။ ရင်ဘတ်ချင်းနီးတဲ့ဘော်ဒါတွေကတော့ သူတို့ လုပ်ခဲ့တဲ့ အမှားအကြောင်းကို ပြန်ဝန်ခံဖို့ ဝန်မလေးပါဘူး။ ကိုယ့်အမှားကို ဝန်ခံပြီး တောင်းပန်လိုက်ခြင်းအားဖြင့် ပြဿာနာတွေ ပြေလည်ပြီး အဆင်ပြေသွားမယ်ဆိုတာကို သိပါတယ်။ နှစ်ယောက်အကြား မာနမထားတာကြောင့် သူတို့တွေရဲ့ ဆက်ဆံရေးအဆင်မပြေမှုဆိုတာ ပြောလောက်အောင် ကြီးတာမျိုး မဟုတ်ပါဘူး။

Featured Photo: Time