ငွေကုန်ကြေးကျမများပဲ ထိရောက်မှုရှိတဲ့လေ့ကျင့်ခန်းတွေထဲမှာ ဒိုက်ထိုးခြင်းကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ အချိန်နေရာမရွေးလုပ်ဆောင်နိုင်တဲ့အပြင် အသက်အရွှယ်အပိုင်းအခြားမရွေးပြုလုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုပါ။ ဒီနေ့မှာတော့ ဘာကြောင့်အမျိုးသားတွေ နေ့တိုင်းဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပေးသင့်လဲ။ ဒိုက်ထိုးလေ့ကျင့်ခန်းကဘယ်လိုကောင်းကျိုးတွေရစေလဲဆိုတာမျှဝေပေးချင်ပါတယ်။
(၁) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Best Health Magazine
ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးနှင့် အမြဲဆက်နွယ်နေတယ်ဆိုတာ သင်သိပါသလား။ JAMA Network Open ဂျာနယ်ရဲ့ဖော်ပြမှုအရတော့ နေ့တိုင်း ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများကိုလည်းကာကွယ်ပေးကာ နှလုံးကျန်းမာရေးကို ထူးခြားကောင်းမွန်စေတယ်လို့ဆိုပါတယ်။
(၂) အရိုးနှင့်ကြွက်သားများသန်မာစေတယ်

Source : Men’s Health
ဒိုက်ထိုးလေ့ကျင့်ခန်းရဲ့ နောက်ထပ်အံ့သြဖွယ် အကျိုးကျေးဇူးတစ်ခုက ကြွက်သားနှင့် အရိုးအဆစ်တွေကို သန်မာလာစေဖို့ ကူညီပေးတာဖြစ်ပါတယ်။ အဓိကအားဖြင့် ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်ဘော်ဒီတစ်ခုလုံးရဲ့ အလေးချိန်ကိုထိန်းထားပေးတဲ့ လက် ပခုံး ရင်ဘက် နှင့် နောက်ကျောစတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများနဲ့ အရိုးအဆစ်များကို ပိုပြီးသန်မာလာစေပါတယ်။ ဒါကြောင့် ဒိုက်ထိုးလေ့ကျင့်ခန်းများများလုပ်လေ အရိုးနှင့်ကြွက်သားများပိုပြီးသန်မာလာလေပါပဲ။
(၃) ဝိတ်ကျဖို့ကူညီပေးတယ်

Source : New York Post
ဒိုက်ထိုးခြင်းဟာ တချိန်တည်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအစိတ်အပိုင်းအားလုံးကို အလုပ်လုပ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုများများပိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဝိတ်ကျချင်သူတွေအတွက်တော့ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ နေ့တိုင်းလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
(၄) ကြီးထွားမှုဟော်မုန်းများတိုးစေတယ်

Source : Freepik
Human growth hormone (HGH) လို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းတွေဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုနှင့်ကြီးထွားမှုအတွက် အလွန်အရေးကြီးပါတယ်။ အဆိုပါဟော်မုန်းတွေဟာ ကြွက်သားထုထည် တည်ဆောက်ခြင်းတွင်လည်း အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒိုက်ထိုးလေ့ကျင်းခန်းပုံမှန်ပြုလုပ်ခြင်းဟာ အဆိုပါဟော်မုန်းဓာတ်တွေကိုတိုးစေပြီး ခန္ဓာကိုယ်ဖွံဖြိုးတိုးတက်ခြင်း ကြွက်သားနှင့် အရိုးများကြီးထွားသန်မာလာခြင်းတို့အတွက် ကူညီပေးပါတယ်။
