လုပ်ငန်းတစ်ခု ထောင်တော့မယ်ဆိုရင် မိတ်ဖက် Partner ရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးပါတယ်။ အောင်မြင်တဲ့လုပ်ငန်းတူပူးပေါင်းမှုတွေက မကြုံဖူးတဲ့ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်သလို Partnership အရွေးမှားရင်လည်း ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်ပါတယ်။
ကိုယ်ပိုင်စီးပွားရေးတစ်ခု ထောင်တော့မယ်ဆိုရင် ကိုယ်နဲ့အတူ ငွေအား ၊ လူအား တာဝန်ယူပါဝင်ပေးမယ့် Partner ကောင်းကောင်းရှာဖို့ ပြောချင်ပါတယ်။

များသောအားဖြင့် လုပ်ငန်းအကျိုးတူပေါင်း လုပ်ဖို့ သူငယ်ချင်းတွေပဲ စုလုပ်ကြတာ များပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူငယ်ချင်းနဲ့ လုပ်ငန်းတစ်ခု အတူလုပ်မယ်ဆိုရင် ဒီအချက် ၄ ချက်ကို ဥပဒေ ၄ ရပ်လို သဘောထားပြီး စည်းကမ်းချထားဖို့ လိုပါလိမ့်မယ်။

(၁) ပွင့်လင်းမြင်သာမှု

Business Model

Photo: Unsplash

Transparency ဆိုတာ ဒီနေ့ခေတ်က လူပြောအများဆုံး စကားတစ်လုံးဖြစ်ပါတယ်။ စီးပွားရေးလောကမှာတင် မဟုတ်ဘဲ နိုင်ငံရေး ၊ လူမှုရေး ၊ စီမံခန့်ခွဲမှုရေး စတဲ့ နယ်ပယ်စုံမှာပါ လူသုံးများပါတယ်။ အလုပ်လုပ်တော့မယ်ဆိုရင် အစကတည်းက ရှင်းရှင်းလင်းလင်းရှိထားဖို့ လိုပါတယ်။

အကြောင်းသိ သူငယ်ချင်းတွေပဲ ဆိုပြီး စည်းစနစ်မရှိ ၊ စာရင်းဇယားမရှိ ၊ တိကျတဲ့ သဘောတူညီချက် မရှိဘဲ လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် လုပ်ငန်းပြိုလဲဖို့ ရာခိုင်နှုန်းများပါတယ်။ အလုပ်နဲ့အတူ မိတ်ဆွေတွေရဲ့ ဆက်ဆံရေးပါ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းနဲ့ အလုပ်အတူလုပ်ရင်လည်း Transparency ထားဖို့ ပြောချင်ပါတယ်။

(၂) ယုံကြည်မှု

Startup founders

Photo: Unsplash

ငွေကြေးကိစ္စမျိုးဆိုတာ စိတ်ဖြောင့်ဖြောင့်နဲ့ ယုံကြည်နိုင်မှ လုပ်နိုင်ကိုင်နိုင်တဲ့ အလုပ်မျိုးပါ။ လုပ်ငန်းအတူ လုပ်မယ်ဆိုရင် ကိုယ်ယုံကြည်ရတဲ့လူ ဟုတ်ရဲ့လား။ ကိုယ့်ကိုရော ယုံကြည်မှုရှိရဲ့လားဆိုတာ မဖြစ်မနေမေးရမယ့် မေးခွန်းတချို့ပါပဲ။ စီးပွားရေးလောကမှာ နာမည်ပျက်မရှိတဲ့လူ ၊ ဂုဏ်သိက္ခာရှိပြီး ကတိတည်ကြည်တဲ့လူဖြစ်တယ်ဆိုတာ ဆုတံဆိပ်ချီးမြှင့်ခံရသလိုပါပဲ။

ကိုယ်တိုင်လည်း ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားပြီး ကိုယ်ကျင့်တရားကို အလေးထားဖို့ လိုပါတယ်။ ဒါကတော့ စီးပွားရေးလောကမှ မဟုတ်ပါဘူး။ ဘယ်နေရာရောက်ရောက် နာမည်ကောင်းတစ်လုံးရှိသူအဖို့ ဒုက္ခကြာကြာမရောက်ဘူးဆိုတာ မှတ်ထားစေချင်ပါတယ်။

(၃) အပြန်အလှန်အကျိုးရှိမှု

Young man working

Photo: Unsplash

လုပ်ငန်းအတူလုပ်မယ်ဆိုရင် “သင့်ပါတနာ ပျော်ရဲ့လား” ဆိုတဲ့ မေးခွန်းကို မေးပါ။ စီးပွားရေးလောကမှာ ကိုယ့်မိတ်ဖက်အဆင်မပြေရင် ကိုယ်လည်း အဆင်မပေဘူးဆိုတာ နားလည်ထားဖို့ လိုပါတယ်။ ကိုယ်တစ်ယောက်ပဲ အကျိုးရှိပြီး သူ့အကျိုးထိခိုက်တာမျိုး ရှောင်ပါ။ အလားတူပဲ။ ကိုယ့်အကျိုးတော့ ထိခိုက်နေပြီး ကိုယ့်ပါတနာက အကျိုးခံစားနေရရင်လည်း အဆင်မပြေပါဘူး။

ဒါကြောင့် နှစ်ဦးနှစ်ခွ အကျိုးရှိတဲ့ Win-Win Situation ကို သွားဖို့ ပြောကြတာပါ။ အလုပ်အတူလုပ်မယ်ဆိုရင် အစကတည်းက နှစ်ဖက်အကျိုးရှိအောင် စဉ်းစားစီမံထားသင့်ပါတယ်။

(၄) အမြင်တူမှု

Business Meeting

Photo: Unsplash

Partnership ဖြစ်မှုဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရုံ ၊ နှစ်ဖက် အကျိုးရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ အောင်မြင်တဲ့ မိတ်ဖက်ပြုမှုဆိုတာ ရှေ့လျှောက်အနာဂါတ်မျှော်မှန်းချက်တွေ တူမျှဖို့လည်း လိုပါတယ်။ ရေရှည်သွားမယ့် စီးပွားရေးတစ်ခုမှာ အနာဂါတ်အတွက် တူမျှတဲ့ အမြော်အမြင်တွေ မရှိရင် ၊ ရည်မှန်းချက်ပန်းတိုင် မတူရင် ဘယ်လိုမှ တာရှည်ခံမှာ မဟုတ်ပါဘူး။

အမြင်ဖလှယ်မှု ၊ အမြင်တူမှုနဲ့ အိပ်မက်ချင်းတူညီမှုတွေကပဲ ရေရှည်တည်တံ့ပြီး အောင်မြင်တဲ့စီးပွားရေးတစ်ခုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo: Unsplash