တစ်နေ့တာမှာ အရေးကြီးဆုံးအချိန်အပိုင်းအခြားတစ်ခုက မနက်စောစော အိပ်ရာက နိုးထခါစအချိန်ပဲလို့ ဆိုကြပါတယ်။ တစ်နေ့လုံးလုပ်မယ့် အလုပ်တွေကို ဒီမနက်မှာပဲ စီစဉ်ရ ၊ စတင်ရတာပါ။ ဒီလို အရေးကြီးတဲ့ မနက်ခင်းကို အကျိုးရှိရှိ နိုးထနိုင်ဖို့ လိုပါတယ်။ ဒီတော့ စိတ်ခွန်အားအပြည့်နဲ့ နိုးထတဲ့ မနက်ခင်းဖြစ်ဖို့ အခုပြောမယ့်နည်းလေးတွေ ပုံမှန်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၁) တွေးထားတာတွေ ချရေးထားပါ

Photo: Unsplash
အရင်ဆုံး လုပ်သင့်တဲ့နည်းတစ်ခုက ကိုယ့်ခေါင်းထဲက လတ်လတ်ဆတ်ဆတ် ထွက်ကျလာတဲ့ အတွေးအမြင် ၊ အကြံအစည်နဲ့ လုပ်စရာကိစ္စလေးတွေ ချရေးထားတဲ့ အကျင့် လုပ်ကြည့်ပါ။ အတွေးတွေကို ခေါင်းထဲကနေ စာရွက်တစ်နေရာရာပေါ်ကို ချရေးလိုက်ခြင်းဟာ စိတ်ကို ပိုစုစည်းမိစေသလို ကိုယ်ရည်ကိုယ်သွေးကောင်းမွန်စေမယ့် အလေ့အကျင့်တစ်ခုကိုလည်း မွေးယူရာ ရောက်ပါတယ်။ မနက်ခင်းတိုင်းမှာ ကိုယ့်ဘဝထဲက ကောင်းမွန်တဲ့အချက် ၅ ချက် ချရေးကြည့်၊ ဒါမှမဟုတ်လည်း ကျေးဇူးတင်သင့်တဲ့အရာတွေ ပြန်စဉ်းစား ချရေးကြည့်ပါ။
(၂) တရားရှုမှတ်ပါ

Photo: Unsplash
ဝင်လေထွက်လေဖြစ်စဉ်ကို သတိထားပြီး လေ့ကျင့်တဲ့ အလေ့အကျင့်ကောင်းကလည်း သင့်တစ်နေ့တာကို အကောင်းဆုံးနည်းနဲ့ စတင်ဖို့အတွက် အသုံးချသင့်တဲ့ နည်းပါပဲ။ မနက်ခင်းတိုင်း မျက်နှာသစ် ၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ တိတ်ဆိတ်ရာတစ်နေရာရာမှာ ၁၅ မိနစ် နာရီဝက်လောက် အချိန်ယူပြီး အသက်ရှုမှုပေါ် အာရုံစိုက်ကြည့်ပါ။ အသက်ရှုမှုလေ့ကျင့်ခန်းလုပ်တာဟာ စိတ်ရောရုပ်ပါ ကျန်းမာရေးအကျိုးများတာကြောင့် ပုံမှန်မနက်ခင်းလေ့ကျင့်ခန်းတစ်ခုအဖြစ် လုပ်ပေးဖို့လည်း အကြံပြုချင်ပါတယ်။
(၃) လှုံ့ဆော်တိုက်တွန်းစကားတွေ ပြောကြည့်ပါ

Photo: Unsplash
မနက်တိုင်း ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောတဲ့အကျင့်ကလည်း ထူးခြားပြီး ထိရောက်မှုရှိတဲ့ မနက်ခင်းလေ့ကျင့်ခန်းတစ်ခုလို့ ဆိုချင်ပါတယ်။ ကိုယ့်ဘဝကို မြှင့်တင်ပေးနိုင်မယ့် အကောင်းမြင်စိတ်ပါတဲ့ စကားတွေ ၊ ချီးကျူးကျေနပ်မှုကို ထုတ်ဖော်ပြောကြားတာမျိုးတွေ ၊ ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် ကျေးဇူးသိချီးမွမ်းတတ်ခြင်းတွေက မနက်ခင်းအတွက် စိတ်ခွန်အားဖြစ်စေမယ့် လုပ်ရပ်လေးတွေပဲ ဖြစ်လို့ မနက်တိုင်း ကိုယ့်ကိုယ်ကိုယ် နှိုးဆော်တိုက်တွန်းတဲ့ စကားလေးတွေ ပြောပေးဖို့လည်း ညွှန်းချင်ပါတယ်
(၄) ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပါ

Photo: Unsplash
မနက်စောစောထပြီး ပြေးတာ ၊ လမ်းလျှောက်တာ စတဲ့ အားကစားလုပ်ဆောင်မှုလေးတွေဟာ ရေရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အင်မတန်ကောင်းတဲ့ အကျင့်မွေးနေတာ ဖြစ်ပါတယ်။ အိပ်ရာထ မနက်ခင်းတွေမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ရောရုပ်ပါ ရွှင်လန်းကြည်နူးစေပါတယ်။ စိတ်ဖိစီးမှုနဲ့ တခြားစိတ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ လျှော့ချပေးနိုင်ပါတယ်။
ကြွက်သားတွေ တင်းမာတောင့်တင်းနေတာကို ပြေလျော့စေပြီး တစ်နေ့လုံး တက်ကြွရွှင်လန်းစေပါတယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းသလို စိတ်ဓါတ်ကျဆင်းမှုကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ပုံမှန် အကျင့်တစ်ခုလို စွဲပြီး မနက်ခင်းလေ့ကျင့်ခန်း လုပ်သွားခြင်းအားဖြင့် အာရုံစူးစိုက်မှု မြင့်တက်ပြီး အသက်ရှည်ရှည် အနာကင်းကင်း နေနိုင်စေမှာပါ။
Featured Photo: Unsplash
